ပီအက်ဂျီက ‘အမ်ဘာပေအတွက် အကောင်းဆုံးကလပ်’လို့ အယ်လ်ခါလိုင်ဖီ ပြော

By PKThawn

ပဲရစ်စိန့်ဂျာမိန်း ဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီက ပီအက်စ်ဂျီဟာ “ကိုင်လီယန် အမ်ဘာပေအတွက် အကောင်းဆုံးကလပ်အသင်း”လို့ ဆိုရင်း သူ့အနေနဲ့ ပြင်သစ်မြို့တော်မှာ သူ့ကို ဆက်နေစေလိုကြောင်း အင်္ဂါနေ့မှာ ပြောပါတယ်။

အမ်ဘာပေရဲ့ လီဂူးဝမ်းချန်ပီယံတွေနဲ့ စာချုပ်ဟာ ဇွန်လအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူဟာ လာမယ့်ရာသီအတွက် အသင်းသစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုတရပ်ကို အလွတ် လက်မှတ်ရေးထိုးခွင့်ရှိပါတယ်။

“ကိုင်လီယန် ဆက်ရှိနေစေချင်တာကို ကျနော် ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး”လို့ အယ်လ်ခါလိုင်ဖီက RMC ရုပ်သံဌာနကို ပြောခဲ့ပါတယ်။

“ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ ကိုင်လီယန်ပါ၊ သူ့အတွက် အကောင်းဆုံးကလပ်က ပဲရစ်ပါပဲ”

၂၀၁၁ မှာ ကာတာပိုင်ရှင်တွေ ရောက်ရှိလာပြီးနောက်ပိုင်း ပြောင်းရွှေ့ကြေး ယူရိုဘီလီယံပေါင်းများစွာကို အကုန်အကျခံသုံးစွဲခဲ့ပေမယ့်လည်း ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး။

အမ်ဘာပေဟာ ဥရောပချန်ပီယံ ၁၄ ကြိမ်ရ ရီးယဲလ်မက်ဒရစ်ကို ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့ဖြင့် ချိတ်ဆက်မှုများစွာရှိခဲ့ပါတယ်။

“သူ့မှာ ကမ္ဘာ့အကောင်းဆုံး လေ့ကျင့်ရေးစင်တာ၊ ကမ္ဘာ့အကောင်းဆုံး နည်းပြ (လူးဝစ် အင်းနရစ်)ရှိပါတယ်”လို့ အယ်လ်ခါလိုင်ဖီက ပြောပါတယ်။

“သူဟာ ချန်ပီယံလိဂ်မှာ နှစ်တိုင်း ကစားနေဖို့ အသေအချာပါ၊ ကျနော်တို့တွေ အနည်းဆုံး ရှုံးထွက် ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ဒါမှမဟုတ် ဖိုင်နယ်တွေထိတောင် ရောက်ပြီး ကျနော်တို့က အဲဒီအဆင့်မှာ ကလပ်အသင်းကြီးတွေနဲ့အတူ ရှိနေပါတယ်။”

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ လွယ်ကူစေရေးအတွက် ကမ်းလှမ်းမှုတရပ်မှာ အပိုဆုကြေးအပါအဝင် စုစုပေါင်း “ယူရိုသန်းပေါင်းများစွာ”ကို လျှော့ပေါ့ပေးခဲ့တယ်လို့ အမ်ဘာပေရဲ့ စာချုပ်ညှိနှိုင်းမှုမှာ ပါဝင်တဲ့ သတင်းရင်းမြစ်တခုက AFP ကို  ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။

အမ်ဘာပေဟာ စာချုပ်သက်တမ်းတိုးမှုကို ၂၀၂၂ မှာ ရေးထိုးခဲ့ပြီး အဲဒီမှာ တနှစ်လုပ်ခ ယူရို ၇၂ သန်း (ဒေါ်လာ ၇၈.၇ သန်း)၊ လက်မှတ်ထိုးကြေး ဘောနပ်စ် ယူရို သန်း ၁၅၀ နဲ့ သစ္စာရှိကြေး ဘောနပ်စ် တွေကို တနှစ်မှာ ယူရို သန်း ၇၀ မှ ၃ နှစ်အထိ သန်း ၉၀ ရရှိစေခဲ့တယ်လို့ ပြင်သစ်နေ့စဉ်သတင်းစာ Le Parisien အရ သိရပါတယ်။

ဒါပေမယ့် အယ်လ်ခါလိုင်ဖီက အမ်ဘာပေ ဆက်နေမှာလား မနေဘူးလားဆိုတာ “ငွေကြေးအတွက် မေးခွန်းထုတ်စရာ မဟုတ်ဘူး”လို့ အခိုင်အမာ ဆိုပါတယ်။

“ကျနော်တို့မှာ အရမ်းအရေးကြီးတဲ့ပွဲတွေ အများကြီးရှိတယ်။ ကိုင်လီယန် တယောက်တည်း နေလို့ရအောင် ခင်ဗျားကို တောင်းဆိုပါတယ်၊ တယာက်တည်း ထားလိုက်ပါ။”

အမ်ဘာပေဟာ ဒီရာသီ လီဂူဝမ်းအမှတ်ပေးဇယားဦးဆောင်သူ ပီအက်စ်ဂျီတို့အတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူထားပါတယ်။

(AFP)