အသက် ၅၇ နှစ်မှာ တကျော့ပြန်လာရတာက လွယ်လွန်းတယ်ဆိုတဲ့ တိုင်ဆန်

By PKThawn

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်က အသက် ၅၇ နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ တကျော့ပြန်ဝင်မယ့် သူ့ရဲ့ဆုံးဖြတ်ချက်ဟာ “လွယ်ကူလွန်းကြောင်း” တနင်္လာနေ့မှာ ပြောကြားရင်း သူပြန်လာဖို့ အိုလွန်းနေပြီဆိုတဲ့ မကြာသေးခင်က ဝေဖန်မှုတွေကို ပယ်ချလိုက်ပါတယ်။

တကျော့ပြန်လာနိုင်ရေးအတွက် လေ့ကျင့်ရာမှာ ထိခိုက်မှုရှိခဲ့တယ်လို့ တိုင်ဆန်က Youtuber အဖြစ်ကနေ တိုက်ခိုက်ရေးသမားအဖြစ် ကူးပြောင်းလာသူ ဂျိတ်ပေါလ်နဲ့ ထိုးသတ်ပွဲမြှင့်တင်ရေးအတွက် နယူးယောက်က သတင်းစာရှင်းလင်းပွဲတခုမှာ ဝန်ခံခဲ့ပါတယ်။

“ကျနော် အရမ်း အဆင်ပြေနေပေမယ့် အခု ခန္ဓာကိုယ်က အမှိုက်ဖြစ်နေတယ်၊ နာနေတယ်၊ အရမ်းပဲ နာကျင်နေတယ်”လို့ NFL ဒါးလပ်ကောင်ဘွိုင်းအသင်း အိမ်ကွင်းဖြစ်တဲ့ တက္ကဆက်စ်ရှိ AT&T ကွင်းမှာ ပေါလ်နဲ့ တွေ့ဆုံမယ့် တိုင်ဆန်က ပြောပါတယ်။

ဒါပေမယ့် ဟဲဗီးဝိတ်တန်းကို ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ လွှမ်းမိုးခဲ့ပြီး “ကမ္ဘာ့အဆိုးဆုံး လူသား”အဖြစ် သတ်မှတ်ခံရတဲ့ လက်ဝှေ့သမားက ၂၀၀၅ မှာ သူ့ရဲ့ နောက်ဆုံးပရော်ဖက်ရှင်နယ်ပွဲအပြီး ဆယ်စုနှစ် နှစ်ခုနီးပါးဖြတ်သန်းလာရာကနေ ကြိုးဝိုင်းတွင်းကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

“ဒါဟာ လွယ်ကူလွန်းတဲ့ ဆုံးဖြတ်ချက်တခုဖြစ်ခဲ့တယ်။”လို့ သူက ပြောပါတယ်။ “သူ(ပေါလ်)က ဒီနယ်ပယ်မှာ အလားအလာရှိတဲ့ မျက်နှာသစ်တယောက်ပါ။ ပြီးတော့ အားကစားလောကမှာ လှုံ့ဆော်ပေးရတာကို ကျနော် နှစ်သက်ပြီး အခု ဒါကို လုပ်နေပါတယ်။ အဲဒါက ကျနော် လုပ်ချင်တဲ့အရာတခုပါပဲ။”

ဇွန်လမှာ အသက် ၅၈ နှစ်ပြည့်မယ့် တိုင်ဆန်ဟာ တက္ကဆက်စ်ရှိ လက်ဝှေ့အာဏာပိုင်များရဲ့ ခွင့်ပြုချက်အရ တချီ နှစ်မိနစ်ကြာနဲ့ ရှစ်ချီအထိရှိမယ့် ပရော်ဖက်ရှင်နယ်ထိုးပွဲမှာ အသက် ၂၇ နှစ်အရွယ် ပေါလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဝိုင်ဒါ အပါအဝင် လက်ဝှေ့အသိုင်းအဝန်းမှ အဖွဲ့သားတချို့က ထိုးသတ်ပွဲနဲ့ပတ်သက်ပြီး တိုင်ဆန် ထိခိုက်သွားနိုင်မှာကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ တနင်္လာနေ့က သူ့ရဲ့ တုံ့ပြန်မှုကို တောင်းဆိုရာမှာတော့ တိုင်ဆန်က ဒီလိုပြောဆိုလာတဲ့ သံသယဝင်သူတွေကို ဘေးဖယ်ထားခဲ့ပါတယ်။

“ကျနော်က တကယ့်ကို ထူးခြားပါတယ်၊ ဒီလောက်ပဲပြောနိုင်တယ်”လို့ တိုင်ဆန်က ပြောပါတယ်။ “ဒီလိုသံသယဝင်နေသူတွေ ကျုပ်နေရာမှာ ရှိနေစေချင်တယ်။ ဒါကို တခြားဘယ်သူကမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။”

ဒီအချိန်မှာ ပေါလ်က တိုင်ဆန်ရဲ့ အတွေ့အကြုံနဲ့ ပါဝါကို ကိုင်တွယ်ဖြေရှင်းဖို့ သူ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

“လူတော်တော်များများက ကျနော့်ကို သံသယဝင်နေကြတယ်။”လို့ ပေါလ်က ပြောပါတယ်။ “‘ဂျိတ်က အနိုင်ရရင် ထိုးသတ်ပွဲက လုပ်ပွဲသက်သက်ဖြစ်မှာပါ။’ ဘာကြောင့်လဲဆို သူဘယ်လောက်တောင် မယုံနိုင်စရာကောင်းလိုက်သလဲဆိုတဲ့ ဂိုက်မျိုးပေါ့။ အသက်အရွယ်က အရေးမကြီးပါဘူးလို့ ပြောတဲ့ မှတ်ချက်တွေကို ကျနော် တွေ့ပါတယ်။

“သူက ပြင်းထန်တဲ့ ပြိုင်ဘက်တယောက်၊ စစ်သည်တော်တယောက်ပါ။ လက်ဝှေ့ကို တသက်လုံး လုပ်လာနေသူမို့လို့ ဒါက သူ့အတွက် အလေ့အထပါပဲ။ ကျနော် ဒီအားကစားမှာ လေးနှစ်လောက်သာရှိသေးတယ်။ ဒါပေမယ့် အလွန်မြင့်မားတဲ့အဆင့်တခုမှာပါ။

“ဇူလိုင် ၂၀ ကျရင် ကြိုးဝိုင်းထဲမှာ မိုက်တိုင်ဆန်ကို အနိုင်ယူပြပြီး သံသယတွေကို နှုတ်ပိတ်ပစ်မယ်။ ထိုးသတ်ပွဲကို လွှမ်းမိုးနိုင်သူဆိုတာ ကမ္ဘာကို ချပြပါမယ်”

တချိန်တည်းမှာ တိုင်ဆန်က သူ့ထက်ဝါနုတဲ့ ပြိုင်ဘက်အပေါ် ရန်ငြိုးထားခြင်းမရှိကြောင်း ပြောပါတယ်။

“ဂျိတ်ကို အများကြီး သဘောကျပါတယ်။ ဒါပေမယ့် သူအဲဒီ့ကြိုးဝိုင်းထဲ ရောက်တာနဲ့  သူ့ဘဝက ဒီပွဲအပေါ်မှာ မူတည်သလို တိုက်ပွဲဝင်ရမယ်။ ဒါက ဖြစ်လာမှာပါ”လို့ တိုင်ဆန်က မှတ်ချက်ပေးပါတယ်။

ဟဲဗီးဝိတ်အိုင်ကွန်ဟောင်းက နောက်ထပ် ထိုးသတ်ပွဲတွေ ဖြစ်လာနိုင်သေးတယ်လို့ ဆိုပါတယ်။

“ဖြစ်နိုင်ပါတယ်။ ကျုပ်တို့တွေ မကျေပွဲထပ်နွှဲဖြစ်မှာပါ။”လို့ တိုင်ဆန်က ဆိုပါတယ်။ “ဒါပေမယ့် ကျေးဇူးပြုပြီးဗျာ ကျနော် ဂျိတ်ကို အရင် ကိုင်တွယ်လို့ရမလား”

(AFP)