လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် KNU နယ်မြေတွင် အရပ်သား ၂ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

ပုံအညွှန်း- စစ်ကောင်စီ​၏ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရ၊ ပျက်စီးမှုများ /(ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်နှင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တို့တွင် စစ်ကောင်စီ​တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် တပတ်အတွင်း အရပ်သားပြည်သူ နှစ်ဦး သေဆုံး၍ ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ယမန်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်၊ သောင်းကြီးရွာတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်များ ကျန်ခဲ့သည့် MA ခွင်းဗုံးအား ကောက်ယူ ဆော့ကစားမိရာမှ အဆိုပါကျေးရွာနေ အသက် ၁၀ နှစ်အရွယ် မောင်ရဲရင့်ဇော် သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် မောင်ဇော်မျိုးသူ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း KNU ထံက သိရသည်။

” ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကျီးပင်ပေါက်ရွာ၊ ဝက်တူးရွာနှင့် သောင်ကြီးရွာများ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျန်ခဲ့သည့် MAခွင်းဗုံးအား ကောက်ယူဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်” ဟု KNU က ဖော်ပြထားသည်။

ထို့အတူ ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း ကျွန်းပင်ဆိပ်နှင့် ငလောက်တက်အကြား၊ သူဌေးကုန်းဘုန်းကြီးကျောင်းအနီးတဝိုက်သို့ စစ်ကောင်စီ​တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါဒေသတွင် စပါးလာရောက်ဝယ်ယူသည့် ရင်းတိုက်ကုန်းရွာမှ အသက် ၄၁ နှစ်အရွယ် စောအောင်မျိုးဝင်းဌေး သေဆုံးခဲ့ရပြီး အသက် ၄၁ နှစ်အရွယ် ဖားမူးဝါးနှင့် အသက် ၂၅ နှစ်အရွယ် ဆဲဒေးရွာသား စောထူးဘလုစေးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇) မှ စစ်ကောင်စီတပ်သားများ​၏ ၁၂၀ မမ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ဇလုပ်ကြီးကျေးရွာသား အသက် ၆၅ နှစ်အရွယ် ဦးကြည်မြိုင် ကျည်ထိမှန်ဒဏ်ရာရခဲ့ခြင်းရှိကြောင်း KNU ထံက သိရသည်။

အလားတူပင် KNU တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင်လည်း ဇန်နဝါရီလ ၅ ရက်နေ့က ခြေလျင်တပ်ရင်း ခလရ (၂၃၀) မှ စစ်ကောင်စီတပ်သားများ​၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် မြောက်ကြာအင်းအုပ်စု၊ ဝိတ်ဇာကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် ၇၀ ကျော်အရွယ်ရှိ ဂေါပက ဦးမောင်ကြီး ကျည်ထိမှန်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းအဆောက်အအုံတခုနှင့် ဒေသခံနေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း KNU က ဖော်ပြသည်။

ထို့ပြင် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၄၅) ​၏ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ်၊ ကော့ဝါလဲကျေးရွာရှိ အေးချမ်းသာယာ တောရကျောင်းမှ အသက် ၁၃ နှစ်နှင့် ၁၆ နှစ်အရွယ်ရှိ သီလရှင်နှစ်ပါး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး တောရကျောင်းဆောင်တဆောင် ပျက်စီးခဲ့ခြင်းရှိသည်ဟု KNU က ဆိုထားသည်။

စစ်ကောင်စီအာဏာသိမ်းသည့် သုံးနှစ်အတွင်း စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူလူထု အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဒေသခံများအနေဖြင့် အိုးအိမ်၊ စည်းစိမ်များစွာ ဆုံးရှုံးနေရကြောင်း KNU ဗဟိုပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၊ နှစ်သစ်ကူးသတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

” သုံးနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ ကြုံခဲ့ရတဲ့ ဒုက္ခ သုက္ခတွေ မရေမတွက်နိုင်ခဲ့ပါဘူး။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို အိုးအိမ်စည်းစိမ်ပေါင်းများစွာလည်း မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူလူထုအရေအတွက်ဟာလည်း တသန်းခွဲကနေ နှစ်သန်းအထိ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီအား နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမို ပြင်းထန်စွာ အရေးယူ ပိတ်ဆို့မှုများ ထိရောက်စွာ ပြုလုပ်ပေးပါရန်လည်း ပဒိုစောတောနီးက ထည့်သွင်း တောင်းဆိုထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)