ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာ နေရာ ၂ ခု တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေသည့်နေရာ နှစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၇ ရက် နံနက် ၈ နာရီခွဲအချိန်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး ၊ ပုလဲမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြို့မရဲစခန်း နဲ့ ထွေအုပ်ရုံးကို အဖွဲ့သုံးဖွဲ့ ခွဲပြီး လက်နက်ကြီး ၊ လက်နက်ငယ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တပ်ရင်း တပ်ဖွဲ့တွေ ၊ Local တပ်ဖွဲ့တွေ စုပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့တပ်စခန်း တွေနဲ့ မီတာ ၂၀၀ ခန့်အကွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ နှစ်ဖက်ပစ်ခတ်မှုကြာချိန် သုံးနာရီခန့်အထိ ရှိခဲ့ကြောင်း” ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ဆရာနိုင်က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ရှစ်ဦးသေဆုံးခဲ့၍ ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ 40mm ထိမှန်ပြီး ရဲဘော် လေးဦး ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ ချင်းတွင်းတိုးနယား ၊ ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း နှင့် ဒေသခံမဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ၊ ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ပြီး ဖုန်း နှင့် ငွေသား အချို့ကို သိမ်းယူခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့တွင် ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းမှ အရက်မူးပြီး နယ်ကျွံလာတဲ့ ဟိန်းရဲထက် အမည်ရှိ သုံးပွင့်ဗိုလ် တဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)