ကနန်ရွာက ဗုံးဒဏ်ကြောင့်သေဆုံး ဒဏ်ရာရသူများကို NUG ကူညီထောက်ပံ့

ပုံအညွှန်း - နစ်နာသူများ၏ မိသားစုဝင်များကို ထောက်ပံ့ကူညီပေးအပ်စဥ်(ဓါတ်ပုံ - ပေးပို့)

ပုံအညွှန်း – နစ်နာသူများ၏ မိသားစုဝင်များကို ထောက်ပံ့ကူညီပေးအပ်စဥ်(ဓါတ်ပုံ – ပေးပို့)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် သေဆုံးဒဏ်ရာရခဲ့သူများကို ထောက်ပံ့ကူညီငွေပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့ရေး ဒုဝန်ကြီး ဒေါက်တာငိုက်တမ်မောင် က မဇ္စျိမကိုပြောသည်။

“ကျဆုံးသွားသူများအတွက် တဦးလျင် ၁၀၀,၀၀၀ နှုန်းနဲ့ ထိခိုက်တဦးလျင် ၅၀,၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ဗုံးဒဏ်ကြောင့် သေဆုံးခဲ့သူ ၁၇ဦးအတွက် ၁,၇၀၀,၀၀၀ ကျပ် နှင့် ဒဏ်ရာရရှိသူ ၁၉ ဦးတို့အတွက် ၉၅၀,၀၀၀ကျပ် စုစုပေါင်း ၂,၆၅၀,၀၀၀ ကျပ်ကို ဒေသတာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

“တုံ့ပြန်ပုံကတော့ အမျိုးမျိုးရှိပါတယ် ၊ အဓိက ကတော့ ဝမ်းနည်းပူးဆွေးနေကြတာ များတယ်၊ ကူညီထောက်ပံ့ပေးတော့ နစ်နာသူတွေကို NUG အစိုးရကနေ ပစ်မထားဘူးဆိုတာသိရတော့ သူတို့လည်း နည်းနည်းတော့ အားရှိတာတွေလည်း တွေ့ရပါတယ်” ဟု တမူးခရိုင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့ရေး တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

နစ်နာခဲ့သည့်မိသားစုဝင်များကို အတတ်နိုင်ဆုံး နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ ခံစားချက်များကို သေချာနားထောင်ပေး၍ နှစ်သိမ့် ဆွေးနွေးခြင်း(Counseling) ထပ်မံပြုလုပ်ပေးရန်လိုအပ်လျက်ရှိကြောင်း ဆိုသည်။

ဒဏ်ရာရထားသူများကို လုံခြုံစိတ်ချသည့်နေရာတွင် ဆေးဝါးကုသပေးနေပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိသော်လည်း ဆေးဝါးများလိုအပ်ချက်များ ရှိနေသေးကြောင်းသိရသည်။

ကနန်ရွာအတွင်းရှိ ပြည်သူအများစုက မပြောင်းရွှေ့ကြသော်လည်း ထိခိုက်သေဆုံးသူများ၏ မိသားစုများနှင့် ဗုံးကြဲခံရသည့် နေရာအနီးမှ အိမ်အနည်းငယ် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း ကူညီရေးတာဝန်ရှိသူကဆက်ပြောသည်။

ယင်းသို့ သေဆုံးထိခိုက်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကလည်း ထောက်ပံ့အကူအညီပေးခဲ့ကြောင်း မြို့နယ်တာဝန်ရှိသူထံကသိရသည်။

ကနန်ရွာရှိ အခြေခံအထက်တန်းကျောင်း(ခွဲ) ၊ St.Peter ခရစ်ယာန်ဘုရားကျောင်းနှင့် ပြည်သူများနေထိုင်သည့်နေရာကို ဇန်နဝါရီလ ၇ရက်နေ့ မနက် ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီတပ်က A5 တိုက်လေယာဥ်ဖြင့် ပေါက်ကွဲအားပြင်းထန်သော ဗုံးလေးလုံး ကြဲချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ငါးနှစ်အရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၁၇ဦးသည် ခြေလက်ပြတ်တောက်ခြင်း ၊ ဦးခေါင်းထိမှန်ခြင်း ၊ ဝမ်းဗိုက်များ ထိမှန်ကာ အူများထွက်ကျခြင်း စသောပုံစံများဖြင့်သေဆုံးခဲ့ရကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

၎င်းအပြင်အသက် သုံးနှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၁၉ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀လုံးထိမှန်ပျက်စီး၍ စာသင်ကျောင်းနှစ်ထပ်ဆောင် နှစ်လုံးနှင့် ခရစ်ယာန်ဘုရားကျောင်းထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကနန်ရွာသည် ခါမ်းပါတ်မြို့အနီးတွင်တည်ရှိပြီး တမူးမြို့နယ်ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေချိန်တွင် စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)