နတ်သံကွင်းမြို့တွင် စစ်ရေးတင်းမာ

KNLA ရဲဘော်တဦးအား တွေ့ရစဉ် (ပုံဟောင်း)

YT

မဇ္ဈိမ။ ။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နတ်သံကွင်းမြို့တွင် စစ်ရေးအခြေအနေဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ ရဲဘော်တင်ဦးက‌ ပြောသည်။

” လက်ရှိမှာတော့ မြို့ထဲမှာ စကစတချို့ကျန်နေသေးပါတယ်။ လှုပ်ရှားလို့မရအောင် ပိတ်ဆို့ထားပါတယ်။ တော်လှန်ရေးအဖွဲ့တွေ မြို့ကို ထိန်းချုပ်ထားတုန်းပါပဲ။ စကစတွေက ရဲစခန်းအထဲနဲ့ တံတားနားမှာပဲ ရှိ‌နေပါတယ်။ မြေပြင်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိနေပါတယ်။ဆုတ်ခွာပေးတာတော့ မဟုတ်ပါဘူး။ ဆိုင်ထားတဲ့ အခြေအနေပါ” ဟု ရဲဘော်တင်ဥိီးက ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီသည် နတ်သံကွင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်ဟုလည်း ၎င်းကပြောသည်။ ပဲနွယ်ကုန်းမြို့ဘက်မှ လာသည့် စစ်ကောင်စီ​၏ မြေပြင်စစ်ကူများက ဇန်နဝါရီလ ၉ ရက်နေ့လယ်ပိုင်းတွင် နတ်သံကွင်းမြို့မရဲစခန်းနှင့် ၎င်းတို့အထိုင်ချရာ နေရာအချို့သို့ ရောက်ရှိလာခဲ့ပြီးနောက် လက်ရှိတွင် နတ်သံကွင်းမြို့တွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသာမက စစ်ကောင်စီတပ်သားများပါ နေရာယူထားပြီး စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နတ်သံကွင်းမြို့တွင်းနေရာအချို့၌ စစ်ကောင်စီတပ်သားများ တွေ့ရှိရသည်ဟု ဒေသခံများနှင့် မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

” လေကြောင်းအားရော၊ တင့်ကား သံချပ်ကာတွေပါလာတော့ ခဏ နောက်ဆုတ်ပေးထားတယ်။ အထိအခိုက်နည်းအောင်” ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

ဒေသခံတဦးကလည်း ” ခုကတော့ နတ်သံကွင်းကို စခ(စစ်ကောင်စီတပ်ဖွဲ့)တွေ ပြန်ရောက်နေပြီ။ တော်လှန်ရေးဘက်က နည်းနည်း ပြန်ဆုတ်တယ်။ စကစဘက်က လေယာဥ်နဲ့ အကြိမ်များစွာ လာကြဲတယ်။ ဟောင်ဝစ်ဇာ အမြောက်နဲ့ ပစ်တာ အချက်ပေါင်းများစွာပဲ” ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် နတ်သံကွင်းမြို့မရဲစခန်းမှလွဲ၍ မြို့အတွင်းရှိ စစ်ကောင်စီအထိုင်ချထား‌သောစခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ မြို့ကိုထိန်းချုပ်ထားကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ၁၇ ရက်အတွင်း နတ်သံကွင်းမြို့အပြင် နတ်သံကွင်းမြို့နှင့် ဆက်နေသည့် ပဲနွယ်ကုန်းမြို့ အရှေ့ဘက်ခြမ်းကျေးရွာများ၌ တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်သံကွင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် အထိအခိုက်၊ အကျအဆုံး များခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်ခြောက်ဦး ကျဆုံး၍ ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် နတ်သံကွင်းတိုက်ပွဲများအတွင်း နတ်သံကွင်းရဲစခန်းအတွင်းမှနေ၍ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များအား တုံ့ပြန်တိုက်ပွဲဝင်ခဲ့သည့် စစ်ကောင်စီတပ်သားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့က တောင်ငူမြို့၌ ကျင်းပခဲ့ကြောင်း ဖော်ပြနေကြသည်ကို တွေ့ရသည်။

စာတည်း- အေးချမ်း