ကျင်ဒွေးမြို့မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွား

ကျင်းဒွေးမြို့ကိုသိမ်းပိုက်အပြီး ယောကာကွယ်တပ်ဖွဲ့ဝင်များတွေ့ရစဥ်/ဓါတ်ပုံ – YDF

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF- Kanpetlet က ယနေ့( မေ ၉ရက်)တွင် ထုတ်ပြန်သည်။

ကျင်ဒွေးမြို့ ၊ စစ်ကောင်စီစခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၅၀၀ခန့် ကျန်ရှိနေ၍ တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် ယနေ့အထိ အပြင်းအထန် လိုက်လံတိုက်ထုတ်နေရဆဲဖြစ်သည် ဟု ဆိုသည်။

“ တိုက်ပွဲကတော့ နေ့တိုင်းပါပဲ ၊ လေကြောင်းပစ်ခတ်မှုလည်း နေ့တိုင်းရှိနေပါတယ်၊ အထိအခိုက်အကျအဆုံးတွေကိုတော့ ပြောပြလို့မရသေးဘူး” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း ကမဇ္စျိမ ကိုပြောသည်။

ကျင်ဒွေး မြို့သိမ်းတိုက်ပွဲဖြစ်သော “ချင်းညီနောင်” စစ်ဆင်ရေးအတွင်း လက်နက် ခဲယမ်း ၊ စားနပ်ရိက္ခာ ၊ ဆေးနှင့် ဆေးပစ္စည်းများစွာ ကုန်ကျခဲ့ပြီး လက်ရှိတွင် စစ်အသုံးစရိတ် ကျပ်သိန်း ၁,၀၀၀ ကျော် ပေးဆပ်ရန်ရှိနေကြောင်း CDF – Kanpetlet ထုတ်ပြန်ချက်တွင် အသိပေးသည်။

၎င်းအပြင်နေ့စဥ်နှင့်အမျှ ကုန်ကျနေသော စစ်အသုံးအဆောင်ပစ္စည်း ၊ လက်နက် ခဲယမ်း ၊ စားနပ်ရိက္ခာနှင့် ဒဏ်ရာရရှိသော ရဲဘော်များကို အချိန်မီဆေးကုသနိုင်ရေးအတွက် အလှူငွေများထပ်မံလိုက်လျက်ရှိသည် ဟု ဆိုသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်ကို ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် အတွင်းမှ အပြီးတိုင် တိုက်ထုတ်နိုင်ရေးအတွက် စစ်အသုံးစရိတ်များဖြည့်တင်းနိုင်ရန် အထူး ဦးစားပေးထောက်ပို့ပေးကြပါရန် အကူအညီတောင်းခံထားသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့မကျရေးစီမံချက်နှင့် လေကြောင်း၊ စစ်ကူအင်အား အဆမတန်ဖြည့်တင်းမှု ၊ လက်နက်ကြီးပစ်ခတ်မှုအမြောက်အမြားဖြင့် အပြင်းအထန်ခုခံခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၇ရက်နေ့က တဖန်ပြန်လည်၍ “ချင်းညီနောင်” စစ်ဆင်ရေးအဖြစ် ပြောင်းလဲပြီး အာရက္ခတပ်တော်(AA)၏ စစ်ရေးဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၂၉ရက်နေ့တွင် ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များ ၊ ယောဒေသကာကွယ်ရေးအဖွဲ့ ၊ Generation Z Army ၊ BNRA ၊ LPDFများနှင့် AA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)