လောင်းလုံးမြို့နယ်က ရွာ ၁၆ရွာမှ စစ်ဘေးရှောင်များ အကူညီလိုအပ်နေဟုဆို

လောင်းလုံးမြို့နယ် အတွင်းက ကျေးရွာ ၁၆ ရွာက စစ်ရှောင် ပြည်သူများအား တွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ရွာမှ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

“အခု လက်ရှိ ကျွန်တော်တို့ အဖွဲ့က ထုတ်ပြန်ထားသလိုပဲ ပြည်သူ ၁၂,၀၀၀ လောက်က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေမျိုးမှာ ရှိနေလို့ လုံလောက်တဲ့ အကူညီတွေ ပေးနိုင်တာမျိုး မရှိတာကြောင့် ဒီဒုက္ခသည်တွေကို ကူညီပေးဖို့ တိုက်တွန်းနေတာ ရှိနေတယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့မှစ၍ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ဒေသခံ နေအိမ် ၁၅၀ ကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် အဖိုးတန် ပစ္စည်းများအား ယူဆောင်ခြင်းနှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“စစ်တပ်က နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေတာကြောင့် အခုချိန်အထိလည်း စစ်ကြောင်းက ရှိနေတုန်းပဲလို့ ကျွန်တောတို့ သိရတယ်၊ ဒါကြောင့်လည်း စစ်တပ်က အချိန်မရွေး ရွာထဲကို ပြန်ဝင်လာနိုင်တာကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်တာ ရှိနေတော့ စစ်ရှောင်တွေ ပိုတိုးလာနေတာ ရှိနေတယ်”ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းလွင်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ရပ်ကျေး ပအဖအဖွဲ့များ၊ ပြည်သူများ၊ နိုင်ငံတကာရောက် မြို့နယ်သူ ၊မြို့နယ်သားများ၏ အကူအညီဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကြောင်း ၎င်းက ဆိုသည်။

ထို့အတူ လောင်းလုံးမြို့နယ် ၊ ညောပြင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက်တွင် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရာ ဒေသခံ ၁,၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)