ဝမ်းတွင်းတွင် ယက္ကန်းရုံဝန်ထမ်းက ပိုင်ရှင် အပါအဝင် အမျိုးသမီး ၄ ဦးအားသတ်ဖြတ်၍ ပစ္စည်းခိုးယူမှုဖြစ်ပွား

ရွှေနွယ်

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ ယက္ကန်းရုံတခုတွင် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၂ နာရီခန့်က ယက္ကန်းရုံဝန်ထမ်းက ပိုင်ရှင်အပါအဝင် အမျိုးသမီး လေးဦးအား သတ်ဖြတ်၍ ပစ္စည်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း ဝမ်းတွင်းဒေသခံထံမှ သိရသည်။

ဝမ်းတွင်းမြို့ အမှတ် (၃) ဗဟိုရပ်မှ ယက္ကန်းရုံပိုင်ရှင် အသက် ၆၈ နှစ်အရွယ် ဒေါ်မြသွေး ၊ သမီးဖြစ်သူ အသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေး ၊ ယောက်မတော်စပ်သူ အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည် နှင့် ရက္ကန်းရုံတွင် လုပ်သက် ၁၀ နှစ်ကြာဝန်ထမ်းဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်စန္ဒာ တို့အား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်မှ တာဝန်ရှိသူတဦး၏ ပြောပြချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူသည် အဆိုပါ ယက္ကန်းရုံမှ အသက် ၂၀ ကျော်အရွယ် အမျိုးသားဝန်ထမ်းဖြစ်ကြောင်းလည်း ပရဟိတကွန်ရက်မှ တာဝန်ရှိသူက ဆိုသည်။

“ပိုင်ရှင်မိသားစုမှာက သမီးတယောက် သားတယောက်ရှိတယ်။ သူ့သားလေးက အမျိုးသမီး မီးဖွားမှာမို့ မိုးကုတ်ကိုရောက်နေချိန် နောက်ပိုင်းမှာ အမျိုးသမီး လေးယောက်ပဲကျန်တယ်။ အဲ့မှာ သူ(ကျူးလွန်သူ)က ရည်ရွယ်ချက်ရှိရှိသတ်တာ။ ယက္ကန်းစက် ပြင်မှာဆိုပြီး အိမ်ကိုတံခါးဖွင့်ပြီး တူတောင်းတာ။ တူတောင်းပြီး တူနဲ့ထုသတ်တာပဲ” ဟု ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

ထိုသို့ အမျိုးသမီး လေးဦးအားသတ်ဖြတ်ပြီးနောက်နေအိမ်အတွင်းရှိ ရွှေထည်နှင့်ငွေကြေးများကိုလည်း ယူဆောင်သွားကြောင်း ၎င်းကပြောသည်။ သေဆုံးသူ အမျိုးသမီးများအနက် ဝန်ထမ်းဖြစ်သူမှာလည်း ကက္ကန်းရုံပိုင်ရှင်နှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်ဟုလည်းဒေသခံ အချို့ကဆိုသည်။

ထို့နောက် ကျူးလွန်သူသည် အဆိုပါ ပစ္စည်းများကို ၎င်း၏ ဇနီးထံအပ်နှံပြီး ဝမ်းတွင်းမြို့မ ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်း သိရသည်။အမှုဖွင့်ရာတွင် ယက္ကန်းရုံ၌ လူသတ်မှုကျူးလွန်၍ ပစ္စည်းလုယက်ယူဆောင်မှုဖြစ်ပွားကြောင်း၊ ၎င်းအနေဖြင့်လည်း ခုခံတိုက်ခိုက်၍ လွတ်မြောက်လာကြောင်း ပြောဆိုကာ အမှုဖွင့်ခြင်းဖြစ်သည်ဟု ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

“ဖွင့်တဲ့အချိန်မှာမှ စခန်းက မြို့နယ်မှူး၊ စခန်းမှူးနဲ့အဖွဲ့လိုက်သွားပြီး ကြည့်တဲ့အခါမှာ မှ ပတ်ဝန်းကျင်က မဟုတ်ဘူး ဒီကောင်သတ်တာ ဒီကောင်သတ်တာ။ တညလုံးဆူညံနေတဲ့အသံတွေကြားလို့ဆိုပြီးတော့ အဲ့ကောင်လေးပဲ တရားခံ ချက်ချင်းမိပါတယ်။ ယက္ကန်းရုံမှာက CCTV လည်းတပ်ထားတယ်။ CCTV မှတ်တမ်းအရလည်း သူကျူးလွန်တာကိုမြင်ရပါတယ်” ဟု ပရဟိတကွန်ရက်တာဝန်ရှိသူကပြောသည်။

ကျူးလွန်သည်ဟုဆိုသူသည် ဝမ်းတွင်းဇာတိသားပင်ဖြစ်ကြောင်းသိရသည်။

ကျူးလွန်သူမှ ရဲစခန်းသို့ သွားရောက်တိုင်တန်းချိန်သည် ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ဖြစ်ပြီး၊ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီးနောက် နံနက် ၇ နာရီခန့်တွင် ကျူးလွန်သူအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူဆိုသူအား ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့ညနေ ယက္ကန်းရုံပိုင်ရှင်၏ သားဖြစ်သူ ပြန်ရောက်မှ အမှုကိစ္စကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပစ္စည်းတွေကိုလည်း ပြန်ရတယ်။ ပြန်ရတယ်ဆိုတာ ရဲလက်မှာ အပ်ထားဆဲပေါ့နော်။ အမှုကိစ္စက ညနေမှ စခန်းကိုသွားပြီး ဆက်လက်ဆောင်ရွက်ပြီးမှ အစအဆုံးသိရမှာပါ” ဟု ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်မှ တာဝန်ရှိသူကပြောသည်။

ယခုကဲ့သို့ လေးလောင်းပြိုင်လူသတ်၍ ပစ္စည်းခိုးယူသည့် ကိစ္စရပ်မျိုးသည် ဝမ်းတွင်းမြို့တွင် အနှစ် ၆၀ ခန့်အတွင်း တကြိမ်တခါမျှ မကြုံတွေ့ဖူးသည့် ကိစ္စဖြစ်သဖြင့် တမြို့နယ်လုံးအတိုင်းအတာဖြင့် ထိတ်လန့် အံ့ဩ နေကြရကြောင်းလည်း ၎င်းက ပြောသည်။ ထို လေးလောင်းပြိုင်နာရေးကိုမူ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး