ကော်သူးလေနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ကရင်အဖွဲ့အားလုံး လက်တွဲသွားရန်လိုအပ်ဟု KNU ဥက္ကဋ္ဌပြော

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း

YT

(မဇ္ဈိမ)။ ။ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ လိုလားချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ကော်သူးလေတည်ထောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ကရင်အဖွဲ့အစည်းအားလုံး ညီညွတ်စွာ လက်တွဲသွားရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ၂၇၆၃ ခုနှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားတွင် ပဒိုစောကွယ်ထူးဝင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိုသို့ညီညွတ်ရာတွင် ကရင့်တော်လှန်ရေးအဖွဲ့အစည်းများသာမက ကရင်အမျိုးသား အဖွဲ့အစည်းများပါ စည်းလုံးရန် လိုအပ်ကြောင်း ဆိုသည်။

ထိုသို့ လက်တွဲဆောင်ရွက်သွားကြရာတွင်လည်း ကရင်လူမျိုးတဦးချင်းစီနှင့် ကရင်လူမျိုးများအတွက် လုပ်ဆောင်နေသည်ဟု ကြွေးကြော်နေသည့် ကရင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အကျိုးစီးပွား၊ အဖွဲ့အစည်းတခုချင်းစီ၏ အကျိုးစီးပွားများကို ဘေးဖယ်၍ ကရင်လူမျိုးနှင့် တိုင်းပြည်အတွက် ရှေးရှုကာ ဦးဆောင်မှုတခုတည်းအောက်တွင် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။

ထို့အပြင် ကရင်လူမျိုးများအနေဖြင့် မျိုးချစ်စိတ် ရှိရုံဖြင့် မလုံလောက်ကြောင်း၊ ကရင်တို့၏ ဝိသေသ လက္ခဏာများကို ပျက်စီးစေသည့် အရာများအား တော်လှန်လိုသည့် စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း၊ အတင်းအဓမ္မလုယူ ဖျက်ဆီးခံလိုက်ရသည့် ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်ယှက်ဖျက်ဆီးသည့် နိုင်ငံရေးဆိုင်ရာ အတားအဆီးများကို ဆန့်ကျင်တော်လှန်ရန် လိုအပ်ကြောင်း ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် ၎င်းတို့၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၁) မှ (၇) အထိ ခရိုင်ခုနစ်ခုရှိပြီး ကရင်ပြည်နယ်တခုလုံးသာမက မွန်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ်အချို့သည်လည်း KNU ၏ နယ်မြေများတွင် ပါဝင်သည်ဟု KNU၏ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ၂၇၆၃ နှစ်မြောက် ကရင့်နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကို ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် ကရင်လူငယ်အစည်းအရုံး (KYO) ၏ ဦးဆောင်မှုဖြင့် KNU၊ DKBA၊ BGF၊ KNU၊ KNLA- PC စသည့် ကရင့်လက်နက်ကိုင် လေးဖွဲ့ပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)