ပဲခူးတိုင်းအတွင်းရှိ ပြည်သူများအား စစ်ကောင်စီက မဲနှိုက်၍စစ်သားစုဆောင်း

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တောင်ငူတွင် ပြည်သူ့စစ်များအား စစ်ကောင်စီမှ လက်နက်တပ်ဆင်ပွဲအခမ်းအနား

ရွှေနွယ်

(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယခု ရက်ပိုင်းအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ပြည်သူများအား မဲနှိုက်ရွေးချယ်၍ စစ်သင်တန်းတက်ရောက်ရန်နှင့် ရပ်ရွာလုံခြုံရေးအတွက် စစ်မှုထမ်းရန် အင်အားစုဆောင်းလျက်ရှိသည်ဟု ပဲခူးတိုင်းသတင်းရင်းမြစ်တို့မှ မဇ္ဈိမကိုပြောသည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူ၍ စစ်အင်အား စုဆောင်းရန် ဆွေးနွေးတိုင်ပင်မှုပြုလုပ်ကြသည်ဟု မဇ္ဈိမမှ ကနဦးသတင်းရရှိခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင်မူ အဆိုပါ အုပ်ချုပ်ရေးမှူးတို့မှ သရက်တောရွာ၊ ပေါက်တောရွာ၊ ရှမ်းဝတီးရွာတို့တွင် မဲနှိုက်စေ၍ အင်အားစုဆောင်းနေသည်ဟု တောင်ငူမြို့ဒေသခံမှပြောသည်။

“ရှမ်းဝတီးမှာ ၄၀၊ ကျန်တဲ့နှစ်ရွာက ၃၀ စုစုပေါင်းအယောက် ၁၀၀ခေါ်မယ်တဲ့။ မဲနှိုက်ခိုင်းနေတယ်။ မဲနှိုက်ပြီးတော့ ပေါက်တဲ့အိမ်ကို ဆန်တအိတ် ဆီတပုံး ပိုက်ဆံ သုံးသိန်းပေးမယ်။ သင်တန်း ၁၅ ရက်တက်ရမယ်။ အခုလက်ရှိ ရှမ်းဝတီးရွာကိုရောက်နေကြပြီ” ဟု ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တောင်ငူဒေသခံမှပြောသည်။

အသက်အရွယ်အပိုင်းအခြားအားဖြင့် အသက် ၂၀ မှ အသက် ၅၀ အတွင်း အမျိုးသားရှိသော နေအိမ်များ မဲနှိုက်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင်လည်း ရေနီ၊ မြို့လှ၊ သာဂရကြားရှိ ကျေးရွာများတွင် တရွာလျင် လူဦးရေ ၃၀ ပေးရန် တောင်းခံလျက်ရှိကြောင်း ရေတာရှည်ဒေသခံတို့၏ ပြောဆိုချက်အရသိရသည်။ ထိုသို့ လူလိုက်လံစုဆောင်းနေသူများမှာ သာဂရကျေးရွာမှ ဦးမျိုးတင့်၊ ဒေဝကွက်သစ်မှ ဦးဇော်လွင်၊ ဆတ်သေတောင်ကျေးရွာမှ ဥက္ကဋ္ဌ ဦးကျော်စိုးတို့ဖြစ်ကြောင်း ရေတာရှည်ဒေသခံကဆိုသည်။ မည်သည့်နည်းလမ်းဖြင့် အင်အားစုဆောင်းသည်ကိုမူ ရေတာရှည်ဒေသခံထံသို့ မဇ္ဈိမမှ ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင်လည်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့က မယားမာန်ကျေးရွာအုပ်စု၊ ကျီးသဲ ကျေးရွာအုပ်စု၊ လမိုင်းကျေးရွာအုပ်စုနှင့် ကွေ့မကျေးရွာအုပ်စုတို့တွင် ဒေသခံ အရပ်သားပြည်သူများအား မဲနှိုက်စေ၍ ပြည်သူ့စစ် အင်အားစုဆောင်းနေသည်ဟု ရွှေတောင်မြို့ဒေသခံမှပြောသည်။ အုပ်စု၏ လူဦးရေကျယ်ပြန့်မှုပေါ်မူတည်၍ ကျေးရွာအုပ်စု တစုလျင် အယောက် ၃၀ မှ ၁၄၀ အတွင်း စုဆောင်းနေခြင်းဖြစ်သည်ဟုလည်း ဒေသခံကပြောသည်။

“တကယ်ပဲ မဲနှိုက်ရွေးခိုင်းနေတာ။ ပေါက်ကုန်တဲ့သူတွေတော့ ဆောက်တည်ရာ မရကြတော့ဘူး။ အခုချက်ချင်းတော့ မသွားကြရသေးဘူး။ ရက်ပိုင်းအတွင်းတော့ ပြည်ကို စစ်သင်တန်းသွားရမယ်ပြောတယ်။ အဲ့လိုတွေဖြစ်တော့ ရွာသားတွေနဲ့ အုပ်ချုပ်ရေးမှူးကြား အခြေအတင်တွေဖြစ်ကြ။ အုပ်ချုပ်ရေးမှူးက ပထမ စစ်တပ်ကိုဖုန်းဆက်လိုက်ရမလားခြိမ်းခြောက်တယ်။ ပြီးတော့ သူလည်း ထွက်မရလို့လုပ်နေရတာပါ ဘာညာနဲ့ လျောချသွားတယ်” ဟု ရွှေတောင်မြို့ဒေသခံမှ မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်တွင် တရွာလျင် လူ ၃၀ နှန်းနှင့် ပန်းတောင်းမြို့နယ်တွင်မူ အိမ်ခြေ ၁၀၀ လျှင် လူဦးရေ ၃၀ နှုန်း စစ်အင်အားစုဆောင်းမည်ဖြစ်ကြောင်း ဒေသခံတို့၏ သတင်းပေးပို့ချက်အရသိရှိရသည်။ မည်သည့်နည်းလမ်းဖြင့် လူရွေးချယ်သည်ကိုမူ အသေးစိတ်မသိရှိရသေးပေ။ အသက်အရွယ်အပိုင်းအခြားမှာမူ အသက် ၁၈ မှ အသက် ၆၀ ကြားအမျိုးသားများကို စုဆောင်းမည်ဖြစ်ကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း သာယာဝတီမြို့နယ် အလယ်ကုန်းရပ်ကွက်တွင်လည်း ယမန်နေ့ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ ဧည့်စာရင်းစစ်ခြင်း၊ လူစုဆောင်းခြင်းလုပ်ဆောင်ခဲ့ကြောင်း ဒေသခံကပြောသည်။ အသက် ၁၈ မှ အသက် ၅၀ ကြားအမျိုးသားများ၏ စာရင်းကိုပြုစု၍ ထို့အနက်မှ ၎င်းတို့စိတ်အချရဆုံးဟု ယူဆသူများကို ရွေးချယ်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ အလားတူ သာယာဝတီခရိုင်အတွင်းရှိ အုတ်ဖိုမြို့၊ နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့တို့တွင်လည်း စစ်အင်အားစုဆောင်းမှုများပြုလုပ်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်တို့၏ ပြောဆိုချက်အရသိရသည်။

“အဓိကတော့ စစ်သားပြုန်းတီးရေးကိုလည်း ပြန်ပြီးကုစားဖို့ကတပိုင်းပေါ့။ နောက်ပြီး သူတို့ရဲ့လုံခြုံရေးပေါ့။ အရင်က သူတို့က ပြည်သူကိုလုံခြုံရေးပေးရတာ။ အခုက ပြည်သူဆီက လုံခြုံရေးသူတို့ပြန်တောင်းနေတာလို့ပဲ ကျွန်တော်သတ်မှတ်ပါတယ်။ အရင်ဆုံးပျူတွေခေါ်တယ်။ အဲ့တုန်းကလည်း သူတို့စစ်တပ်တွေကို လုံခြုံရေးသွားပေးရတာ။ အခုက သူတို့ အဲ့လောက်နဲ့မရတော့ဘူး။ ဒီထဲက တချို့တဝက်ကို ဒေသမှာသုံးမယ်။ တချို့တဝက်ကို နေပြည်တော်ကိုပို့မယ်၊ ဒါကိုလည်းကျွန်တော်တို့သိထားပြီးသွားပြီ” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုသို့ စစ်အင်အားစုဆောင်းနေမှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် မဇ္ဈိမမှ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ယနေ့ နံနက်တွင် တယ်လီဖုန်းဖြင့် သုံးကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီ၏ ကြည်းတပ်တွင် ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်းရှိသည့်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ ခန့်ရှိနိုင်ပြီး လေတပ်၊ ရေတပ်နှင့် လက်ရုံးတပ်များ အပါအဝင် စစ်ကောင်စီတွင်အင်အား ၂၂၅,၀၀၀ မှ ၂၄၀,၀၀၀ ခန့်ထိရှိနိုင်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက NUG မှ စစ်တမ်းထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ခုခံတော်လှန်စစ် နှစ်နှစ်အတွင်း စစ်ကောင်စီတပ်စုစုပေါင်းအင်အား၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှာ စစ်မြေပြင်များတွင် ပြုန်းတီးခဲ့ရပြီးဖြစ်ကြောင်းလည်း NUG ကဆိုသည်။ အဆိုပါစစ်တမ်းမှာ ယခုရှမ်းမြောက်တွင် စစ်ကောင်စီအကျအဆုံးများနေသည့် ၁၀၂၇ စစ်ဆင်ရေး မတိုင်မီက ထုတ်ပြန်ခဲ့သည့် စစ်တမ်းဖြစ်သည်။

“NUG ရဲ့ ထုတ်ပြန်မှုအရ CDM ဝင်ရောက်တဲ့ စစ်သား ၁၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ဆိုတယ်။ CDM ဝင်တာမဟုတ်တဲ့ တပ်ပြေး အင်အားအများအပြားလည်းရှိတယ်။ တိုက်ပွဲမှာ သေတာတွေ၊ တာဝန်ထမ်းဆောင်လို့ မရအောင် ထိခိုက်သွားတာတွေ ဒါတွေကို ခြုံပြီးတွက်ကြည့်မယ်ဆိုရင် အခုဆိုရင် စစ်ကောင်စီမှာ အင်အား အလွန်ဆုံးရှိ ၁၅၀,၀၀၀ ဝန်းကျင်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက ပြည်သူ့စစ်တွေဖွဲ့စည်းဖို့ အစဉ်တစိုက်လုပ်ဆောင်လာနေပါတယ်”ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ကဆိုသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ မဲနှိုက်၍ စစ်အင်အားစုဆောင်းနေသောလုပ်ရပ်သည် အင်အားတစုံတရာရရှိနိုင်ကောင်းသော်လည်း ထို့အနက် ၎င်းတို့အားဆန့်ကျင်လိုသူများပါ ပါဝင်လာနိုင်သောကြောင့် မိမိရန်သူကို မိမိလက်နက်တပ်ဆင်ပေးသည့် အဖြစ်မျိုးလည်း ကြုံတွေ့လာရနိုင်ကြောင်း ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုတို့က စစ်ကောင်စီကို အသိပေးစကားဆိုသည်။

စာတည်း – သန့်ဇော်(သန်လျင်)