အင်းတော်ကြီးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်နေသူ ပစ်ခတ်ရှင်းလင်းခံရ

ဓာတ်ပုံ – သေဆုံးသူ ကိုဆန်းလင်းစိုး၏ ပုံ

အဂမ်
မဇ္ဈိမ။ ။ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်သည့် အရပ်သား တဦးသည် ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ည ၇ နာရီကျော်အချိန်က ၎င်း၏ နေအိမ်တွင်ပင် သေနတ်ဖြစ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ဆိုသည်။

သေနတ်ဒဏ်ရာ ရရှိထားသည့် ၎င်းအား နန့်မွန်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“ သေနတ်သံကတော့ များတယ်။ အရှည်ကြီး (သေနတ်အရှည်) ပစ်သံပဲ။ သူက သေသွားတာပါ့။ အခုတော့ အိမ်ကိုပြန်သယ်ခဲ့ပြီ။ ဘယ်အဖွဲ့မှန်းတော့ မသိဘူး” ဟု သေဆုံးသူနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူမှာ ကိုဆန်းလင်းစိုး ဆိုသူဖြစ်ပြီး ဒေသအခေါ် ဟဲပု၊ ဟဲပါးနှင့် လယ်ပုံလေး အစရှိသည့် ကျေးရွာများတွင် လူထုအခြေခံ ခရီးသွားလုပ်ငန်း (CTEG) ကို ဖော်ဆောင်နေသူဖြစ်ပြီး သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းပြီး ဒေသတွင်း လက်မှုသင်တန်းအမျိုးမျိုးကို ပေးနေသူလည်း ဖြစ်သည်။

အမည်မသိ သေနတ်သမားများက နေအိမ်အတွင်း လာရောက်ပစ်ခတ်ချိန်တွင် ကိုဆန်းလင်းစိုးနှင့်အတူ ၎င်း၏မိန်းမနှင့် ကလေးလည်းရှိနေ၍ အမျိုးသမီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ကလေးမှာ ထိခိုက်မှုမရှိကြောင်း ဒေသခံများက အတည်ပြုသည်။

ကိုဆန်းလင်းစိုးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်းတော်ကြီးဒေသ၌ အနိုင်ရရှိခဲ့သူ NLD ပါတီ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝင်းဇော်၏ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ကချင်ပြည်နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းများ၏ စိတ်ဝမ်းကွဲမှုဖြစ်စဥ်အတွင်း ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
အင်းတော်ကြီးဒေသခံတွင် ရွှေမှော်လုပ်ကိုင်နေသည့် ကုမ္ပဏီများက ၎င်းအား ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ၎င်းအား ပစ်ခတ်ခဲ့သူများမှာ မည်သည့်အဖွဲ့အစည်းက ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးသလို မဇ္ဈိမကလည်း စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး