မတ္တရာတွင် စစ်ကောင်စီ၏စစ်ကား မိုင်းဆွဲခံရပြီး အရာရှိအပါအဝင် ၆ ဦးခန့် ထိခိုက်ဒဏ်ရာရ

ပုံစာ – မတ္တရာမြို့အ၀င်ဆိုင်းဘုတ်(Photo CJ)

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအနီးရှိ ချောင်းမကြီးတံတားပေါ်တွင် ယမန်နေ့ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက အရာရှိအဆင့်တဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက် ပါလာသည့် ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်ခန့်က မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာအနီးရှိ ချောင်းမကြီးတံတားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မတ္တရာမျိုးမှန် တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

“ကားလေးပေါ်မှာ အရာရှိတယောက်ပါတယ်သတင်းရလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကားကိုတည့်တည့် ထိလို့ ထိုးရပ်သွားတယ်။ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး၊ တအောင့်ကြာတော့ လူနာတင်ယာဥ်လာပြီး ခြောက်ဦးလောက် ပွေ့တင်သွားတာ မျက်မြင်တွေ့ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ကောင်စီကားသည် ကျောက်တံတားကျေးရွာမှ ဝါးလုံးပြွန်ကျေးရွာဘက်ထွက်လာစဥ် ချောင်းမကြီးတံတားဘောင်ပေါ်အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကလည်း ပြောသည်။

“စစ်ကားက တံတားဘောင်ပေါ်အရောက်မှာ အုံးကနဲ အသံကြီးထွက်လာတာပဲ။ ၁၅ မိနစ်လောက်အကြာ မှာ မတ္တရာကလူမှုရေးအသင်းကားနှစ်စီး အပြင်းမောင်းဝင်လာတွေ့ရတယ်။ အဲဒီကားတွေ မန္တလေးဘက် မောင်းသွားတာလည်း တွေ့လိုက်ရတယ်၊ အထိအခိုက်ဘာညာတော့မသိဘူး” ဟု မတ္တရာမြို့ခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှတာဝန်ရှိသူက ပြောကြားသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း မန္တလေး-မိုးကုတ် ကားလမ်းဘေး တွင် မိုင်းရှင်းလင်းရေးလုပ်နေသည့်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီစစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ရရာလက်နက်ဖြင့်တိုက်ပွဲ၀င်နေသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ယနေ့အထိ စစ်ဆင်ရေးပေါင်း ၉၆ ခု ဖောင်ဆောင်နိုင်ခဲ့ပြီး စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်သား ၂၄၇ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးများနှင့်ပတ်သက်သော အချက်အလက်များကို လည်း စနစ်တကျမှတ်တမ်းတင်ထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ