မလေးရှား နိုက်ကလပ်တွင် ဖျော်ဖြေနေသည့် မော်ဒယ် ဖူးပွင့်ခိုင် ၊ အဆိုတော် အေးမိစျာန် နှင့် ပွဲရောက် မြန်မာ ၃၀ ဝန်းကျင် ဖမ်းဆီးခံရ

ကီရာ

မဇ္ဈိမ။ ။ မလေးရှားနိုင်ငံ၊ ပီနမ်းမြို့နယ် ၊ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club တွင် ဖျော်ဖြေနေသည့် မော်ဒယ် ဖူးပွင့်ခိုင်၊ အဆိုတော် အေးမိစျာန် နှင့် ပွဲရောက် မြန်မာနိုင်ငံသား အယောက် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁ နာရီတွင် ထိုနိုက်ကလပ်အတွင်းသို့ မလေးရှားရဲများ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှ ပွဲရောက် မြန်မာနိုင်ငံသား ဦးရေ ၂၀၀ ကျော် စစ်ဆေးခံခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မဖြူဖြူက ပြောသည်။ စစ်ဆေးခံခဲ့ရသူ ဦးရေ ၂၀၀ ကျော်အနက် ဦးရေ ၃၀ ခန့်မှာ အထောက်အထားမဲ့ဖြစ်၍ ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစ်မ အသိကလေး‌တစ်ယောက်က စဖြစ်ဖြစ်ချင်း အစ်မကို ဖုန်းခေါ်တယ် အစ်မက မသိလိုက်ဘူး ။ ပြန်ခေါ်တော့ သူ့အသိကောင်လေးက ဖုန်းကိုင်တာ ဒါပေမဲ့ သူတို့က မနက် ၆နာရီမှာ ပြန်လွတ်လာကြပြီ။ အချုပ်ကားနဲ့ပါသွားတဲ့ ကလေးတွေလည်းရှိတယ်။ မနက်ကတော့ ရဲစခန်းမှာ ထမင်းထုတ် သွား‌ပို့ခဲ့တယ်။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ ဘာမှ ပြောမရ လုပ်မရဘူးပေါ့။ အဲ့စခန်းမှာ ဖူးပွင့်ခိုင်နဲ့ အေမိဈာန်တို့လည်း ရှိတယ်လေ ။ သူတို့လည်း တနင်္လာနေ့လောက်ဆိုရင်တော့ ပြန်လွတ်မှာပါ။ ကျန်တဲ့ကလေးတွေကလည်း ငွေနဲ့ ညှိကြမှာပေါ့ ။ လဝကကို မအပ်သေးဘူးဆိုတော့ ပိုက်ဆံနဲ့ ညှိလို့ရသေးတယ်လေ”ဟု အဖမ်းဆီးခံရသည့် အသိမိတ်ဆွေများကို လိုက်လံကူညီပေးနေသည့် မဖြူဖြူက ပြောသည်။

အဆိုပါပွဲစီစဉ်သူများနှင့် ဖူးပွင့်ခိုင် ၊ အေးမိစျာန်တို့မှာ ခွင့်ပြုချက်မရှိဘဲ ပွဲစီစဥ်မှုဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်နိုင်ကြောင်း နိုက်ကလပ်ရောက် မြန်မာနိုင်ငံသားအချို့ကဆိုသည်။

အထောက်အထားမပြနိုင်သည့်အတွက် ဆက်လက် ဖမ်းဆီးခံထားရသူများကို ၎င်းတို့၏ အလုပ်ရှင်များမှ ပြန်လည်လွတ်မြောက်လာရန် လိုက်လံကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။

“ စစချင်း ရဲ ၁၀ယောက်လောက်ပဲ ရောက်လာတာ။ အချုပ်ကားတွေတောင် မပါဘူး နောက်မှ အချုပ်ကားတွေ ရောက်လာတာ။ လဝက မဟုတ်ဘူး ရိုးရိုးရဲတွေ လဝက ကတော့ ပိုကြောက်ဖို့ကောင်းတာပေါ့နော်။ အထောက်အထားပြနိုင်တဲ့သူတွေကတော့ လွတ်သွားပြီ အခု ၃၀လောက် အချုပ်ထဲရှိသေးတယ်။ ပွဲစီစဉ်သူတွေနဲ့ ဖူးပွင့်ခိုင်တို့ကို ညကတည်းက ဖမ်းထားတာ မလွတ်သေးဘူး”ဟု အစစ်ဆေးခံရရာမှ ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်သည့် မဇင်ဇင် (အမည်လွှဲ)က ပြောသည်။

လက်ရှိတွင် အဖမ်းခံရသူများကို မလေးရှား ပီနမ်းနယ်မြေအတွင်းရှိ ဂျာဝိ ရဲစခန်းတွင် ထိန်းသိမ်းထားရှိကြောင်း မဇင်ဇင်က ပြောသည်။

မလေးရှားနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထားမရှိသည့် ရွေ့ပြောင်းလုပ်သားများကို အော်ပရာစီဟုခေါ်သည့် ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး ဖမ်းဆီးရမိသူများကို မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကို ကျုးလွန်သူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆိုကာ ထောင်ဒဏ် ကျခံရမည့်အပြင် ထောင်မှလွတ်ပါက မိမိတို့နေထိုင်ရာ တိုင်းပြည်သို့ ပြန်လည် ပို့ဆောင်ခံရမည်ဖြစ်သည်ဟု မလေးရောက် မြန်မာလုပ်သားများက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး