ပိတ်ဆို့ထားသော ထီးလင်းမြို့အတွင်းသို့ စားနပ်ရိက္ခာမတင်သွင်းရန် တော်လှန်ရေးအဖွဲ့ သတိပေး

ပါခွီး

(မဇ္စျိမ)။ ။တော်လှန်ရေးတပ်ဖွဲ့များပိတ်ဆို့ထားသော မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့အတွင်းသို့ စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းအမျိုးမျိုး တင်သွင်းခြင်းမပြုရန် မြို့ထိန်းချုပ်ရေးကော်မတီကဖေဖော်ဝါရီလ‌ ၁၂ ရက် ယနေ့ ထုတ်ပြန်လိုက်သည်။

မြို့နယ် ပအဖ၊ ပကဖတာဝန်ခံများနှင့် ဒေသခံတပ်ရင်း (၂) ၊ (၄) ၊ (၁၀) ၊ (၁၅) ၊ (၁၆) ၊ (၁၇) နှင့် (၁၈)တို့မှ တပ်ရင်းမှူးများ၊ တပ်ရေးဗိုလ်များဆွေးနွေးပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စည်းဝေးဆုံးဖြတ်ကာ ယင်းသို့ အသိပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ထီးလင်းမြို့ကို လွန်ခဲ့သည့် ၁၅ လခန့်မှစ၍ စားနပ်ရိက္ခာနှင့် ကုန် ပစ္စည်းများမတင်ပို့နိုင်စေရန် လုပ်ဆောင်ခဲ့သော်လည်း ဆက်လက်ဝင်ရောက်မှုများရှိနေသဖြင့် မြို့ထိန်း ချုပ်ရေးကော်မတီဖွဲ့ကာ အသိပေးရခြင်းဖြစ်ကြောင်း ဆိုသည်။

“အရင်ကလည်း ပိတ်ထားပြီးသားပါ။ အဓိကတော့ မြို့သိမ်းဖို့ရည်ရွယ်တာပေါ့။ တဖြည်းဖြည်းချင်း သူတို့ တွေဘက်ပြောင်းလာဖို့၊ ပြည်သူတွေနဲ့ပူးပေါင်းလာဖို့ပါ၊ အားလုံးကိုလက်ခံကြိုဆိုနေပါတယ်” ဟု ထီးလင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဂဠုန်က မဇ္စျိမကိုပြောသည်။

ထီးလင်းမြို့အတွင်းသို့ မည်သည့်ကုန်ပစ္စည်းများတင်သွင်းခြင်းကို လက်ခံမည်မဟုတ်ဘဲ ကော်မတီဆုံး ဖြတ်ချက်အရ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာမသိမ်းမီက ထီးလင်းမြို့တွင် အိမ်ခြေ ၁,၂၀၀ ကျော် ရှိခဲ့ပြီး လက်ရှိ၌ အိမ်ခြေ ၃၀၀ ခန်နှင့် လူ ၁,၀၀၀ ကျော်သာနေထိုင်တော့ကြောင်း ဗိုလ်ဂဠုန်က ဆက်ပြောသည်။

ယင်း ၁၀၀၀ ကျော်တွင် စစ်ကောင်စီတပ်သား၊ ရဲ နှင့် ပျူစောထီးအဖွဲ့ဝင် ၂၅၀ ခန့်ရှိပြီး ကျန်ဒေသခံ အများ စုမှာလည်း စစ်ကောင်စီကို လိုလားထောက်ခံသူအများစုဖြစ်သည်ဟု ဆိုသည်။

မြို့အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများသည် ရိက္ခာပြတ်လပ်ပါက အနီးနား ရှိကျေးရွာများကို စစ်ကြောင်းထိုး၍ လုယက်လေ့ရှိကြောင်းသိရသည်။

ဒေသခံပြည်သူများ မြို့မှထွက်ခွာနေကြပြီး နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ထွက်လာကြ ရန်နှင့် ပအဖ ၊ ပကဖ များမှ အဆင်ပြေရန် အကူအညီပေးနေကြောင်း ဗိုလ်ဂဠုန်က အသိပေးသည်။

ထီးလင်းမြို့သည် နယ်မြေအခြေအနေအရ စားနပ်ရိက္ခာဖြတ်တောက်ထားနိုင်သည့် မြို့တမြို့ဖြစ်သဖြင့် အဖွဲ့အစည်းအစည်းအသီးသီးမှ ရိက္ခာဖြတ်တောက်ခြင်းလုပ်ငန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။စောဖေ