ပလက်ဝဒေသကို စစ်ကောင်စီလက်ထဲမှ အပြီးသတ် သိမ်းယူလိုက်ပြီး AA အလံလွှင့်ထူ

ပလက်ဝမြို့တွင်း ‌လုံခြုံရေးယူထားသော AA တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ် (Photo- AA)

မဇ္ဈိမ

ချင်းပြည်နယ်၊ ပလက်ဝဒေသတခုလုံးကို အာဏာသိမ်း စစ်ကောင်စီလက်ထဲမှ အပြီးသတ် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီလ ၁၄ ရက်နေ့ညတွင် ထုတ်ပြန်သည်။

ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အရေးပါသော ဗျူဟာကုန်းများကို စစ်ကောင်စီက တဖြည်းဖြည်း လက်လွှတ်ခဲ့ရပြီးနောက် ဒေသတခုလုံးကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ် စည်ပင်သာယာရေးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ခရိုင်ရဲရုံးနှင့် မီးသတ်ရုံးတို့တွင် AA အလံ လွှင့်ထူထားသည်ကို AA က ထုတ်ပြန်သော ဓာတ်ပုံများတွင် ‌မြင်တွေ့ရသည်။

နှစ်စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး ကျဉ်းမြောင်းသော တောင်ကြားတွင် တည်ရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ရေလမ်းမှတဆင့် ကုန်စည်ကူးသန်း‌ ရောင်းဝယ်မှု အဓိက လုပ်သည်။

ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ယနေ့တွင် ပလက်ဝဒေသ တခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး ပလက်ဝဒေသတခုလုံးသည် “စစ်ကောင်စီ လုံးဝကင်းစင်သော ဒေသ” ဖြစ်လာခဲ့ပြီဟု AA က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်ဖြစ်နေပြီး ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အမြောက်တပ်စခန်းတခုဖြစ်သော အမတ (၃၇၇) စခန်းနှင့် ရသေ့တောင်မြို့နယ်က ရီစိုးချောင်းဗျူဟာကုန်းကို AA က သိမ်းပိုက်ခဲ့သည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း အမြောက်အများ ကိုလည်း AA က ထုတ်ပြန်ထားသည်။

ရခိုင်နှင့် ပလက်ဝဒေသအတွင်းက သိမ်းပိုက်ရရှိခဲ့သော ဗျူဟာစခန်းများ၊ အထိုင်ချစခန်းများနှင့် လက်နက်ကြီးစခန်းများအပါအဝင် အားလုံးသော စခန်း သိမ်းတိုက်ပွဲတိုင်းသည် လွယ်လင့်တကူ အသာတကြည်ရရှိခဲ့သော စခန်းများတခုမှ မရှိခဲ့ကြောင်း AA က ပြောထားသည်။

စာတည်း။ ။နောင်နောင်