ရေဦးမြို့တွင် စစ်ကောင်စီ အထိုင်စခန်း တိုက်ခိုက်ခံရ

008

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၄ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း၊YEU PDF တာဝန်ရှိသူကပြောသည်။

“SBB14B Rocket များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အခုတိုက်ခိုက်မှုမှာ ပစ်မှတ်တိကျပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိတယ်။ ကျွန်တော်တို့ ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု YEU PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများကို ရေဦး ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူများကို ယင်းတို့တပ်စွဲထားသည့် တိုင်းရင်းဆေးရုံမှာပင် ကုသပေးနေကြောင်း ရေဦးမြို့နယ် ကင်းထောက်အဖွဲ့ တာဝန်ခံကပြောသည်။

” အချက်အလက်ကတော့ စုနေဆဲပဲခင်ဗျ။ အခုလတ်တလော ကျွန်တော်တို့ သိတာတော့ စစ်ခွေး (စစ်ကောင်စီတပ်သား) သုံးကောင်သေတယ်။ ခြောက်ဦး ဒဏ်ရာရတယ်။ သေတဲ့ကောင်တွေက ရေဦးဆေးရုံမှာ ဆေးရုံမှာလည်း အစောင့်ချထားတာတွေ့တယ်။ ဒဏ်ရာရတဲ့ကောင်တွေကတော့ တိုင်းရင်းဆေးရုံထဲမှာပဲဗျ”ဟု ကင်းထောက်အဖွဲ့ တာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရသည့် တိုင်းရင်းဆေးရုံ အထိုင်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆နာရီခန့်၌ စစ်ကားတစ်စီးဖြင့် အင်အား ၂၀ခန့် လာရောက်ချထားကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး