မသေလိုပါက စောစောစီးစီးအလံဖြူထောင်ရန် စစ်ကောင်စီတပ်သားများကို AA စစ်ဦးစီးချုပ်သတိပေး

ဂျူချန်း

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်သားများအနေဖြင့် အသက်မသေလိုပါက စောစောစီးစီး အလံဖြူထောင်လက်နက်ချက်ရန် ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့၌ သတိပေးထားသည်။

“မသေ၊မနာချင်ရင်စောစောစီးစီးအလံဖြူထောင်၊ထွက်ပြေးချင်တယ်လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ခြံစည်းရိုး၃ထပ်လုံးပေါက်၊ ကတုပ်ကျင်းထဲမှာဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှလမ်းဖွင့်ပေးပါတော့မလုပ်နဲ့။ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ၎င်း၏ X (ယခင် တွစ်တာ) လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။

အသက်မသေလိုပါက အလံဖြူထောင်ရန် တိုက်တွန်းချက်အပြင် တပ်စခန်းစွန့်ခွာလိုပါက လမ်းဖွင့်ပေးရန် ခွင့်တောင်းနိုင်ကြောင်းလည်း အသိပေးထားသည်။ သို့သော် တိုက်ပွဲအတွင်း ကတုတ်ကျင်းထဲတွင် ဖမ်းမိသည့်အချိန်မှ လမ်းဖွင့်ပေးရန် ခွင့်တောင်းခွင့်မရှိဘဲ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမည်ဖြစ်ကြောင်း ရေးသားချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့တွင် ရက္ခိုင့်တပ်တော်(AA)က၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး ထိုဒေသများတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

လက်ရှိတွင် ပလက်ဝဒေသရှိ စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး ပလက်ဝကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။ ယင်းနေ့‌တွင်ပင် ကျောက်တော်မြို့နယ်မှ အမြောက်တပ်စခန်း အမတ (၃၇၇) နှင့် ရသေ့တောင်မြို့နယ်မှ ရီစိုးချောင်းဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။မြောက်ဦး၊မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ ရမ်းဗြဲ၊မောင်တောမြို့နယ်များမှ စစ်ကောင်စီစခန်းများကိုလည်း AAက တိုက်ခိုက်နေကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ယနေ့ အသိပေးထားသည်။

စာတည်း – အေးချမ်း