တိဗက်တွင် သတင်းအချက်အလက်ထိန်းချုပ်ခြင်းနှင့် အတင်းအကျပ်ပေါင်းစည်းခြင်းအတွက် တရုတ် ရှုတ်ချခံရ

ဝီဂါ၊ တိဗက်နှင့် မွန်ဂို ဆန္ဒပြသူများသည် စတော့ဟုမ်းတွင် တရုတ်နိုင်ငံကို ဆန့်ကျင်သည့် စုပေါင်းဆန္ဒပြခဲ့စဥ်(ပုံဟောင်း)/Photo:AFP

Tibetan Review

တရုတ်အာဏာပိုင်များသည် တိဗက်လူမျိုးများအား သဘောထား အယူအဆများလက်ခံရန် အတင်းအကျပ်ပေါင်းစည်းနေသကဲ့သို့ သတင်းအချက်အလက်အပေါ် အလွန်အမင်းထိန်းချုပ်မှုကလည်း ဒေသတွင်းအချက်အလက်ကို ရယူအတည်ပြုရန် ပိုမိုခက်ခဲစေကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်အတွက်သုံးသပ်ထုတ်ပြန်သော ယခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

(၃၄) ကြိမ်မြောက်ထုတ်ဝေသော စာမျက်နှာ ၇၄၀ ပါ အဆိုပါ အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ လူ့အခွင့်အရေးကျင့်ထုံးများကို သုံးသပ်ပြထားသည်။

တိဗက်ဒေသရှိ အာဏာပိုင်များသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ ထုတ်ဖော်ပြောဆိုမှု၊ လှုပ်ရှားမှုနှင့် စုဝေးခွင့်တို့ကို ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ထားကြောင်း တရုတ်လက်အောက်ရှိ တိဗက်နှင့်ပတ်သက်သော ကဏ္ဍတွင် ရေးသားထားသည်။

“အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ဒါမှမဟုတ် မူလတန်းပညာရေးမှ တိဗက်ဘာသာစကားကို ဖယ်ရှားမှုတို့လို ကိစ္စရပ်တွေအပေါ် ထုတ်ဖော်ပြောဆိုကြတဲ့ တိဗက်လူမျိုးတွေဟာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပြည်သူတွေ ဥပဒေကိုလိုက်နာစေဖို့ ဒေသအာဏာပိုင်တွေဟာ သတိပေးခံရပြီး တခြားသူအကြောင်း သတင်းပေးသူကိုလည်း ဆုငွေချီးမြှင့်ကြပါတယ်။ တားမြစ်ထားတဲ့ အကြောင်းအရာတွေ ဖုန်းထဲမှာရှိနေတာ ဒါမှမဟုတ် ပြည်ပရောက် တိဗက်လူမျိုးတွေနဲ့ ဆက်သွယ်ရုံနဲ့ ချုပ်နှောင်ခံရနိုင်တယ်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ကျန်းမာရေးကောင်းသည့် ဘုန်းတော်ကြီး ဂီရှီ ဖန်ဒီဂယ်ဆန်သည် ၂၀၂၂ ခုနှစ် မတ်လက လီတန်ကောင်တီရဲစခန်း၏ ဖမ်းဆီးခြင်းခံရကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၌ ထိန်းသိမ်းခံနေရစဉ်အတွင်း သေဆုံးခဲ့သည့်အကြောင်း ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုဥပမာများကိုလည်း အစီရင်ခံစာတွင် ကိုးကားပြထားသည်။

ထို့ပြင် အဝေးရောက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ဓာတ်ပုံများ လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် တိဗက်လူမျိုး ၆ ဦး၏ အချက်အလက်များကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့တဖွဲ့က ၂၀၂၃ ခုနှစ် ဇွန်လတွင် တောင်းဆိုခဲ့သော်လည်း တရုတ်အစိုးရက မတုံ့ပြန်ခဲ့ကြောင်း ရေးသားထားသည်။

တိဗက်နှင့် ရှင်ကျန်းတွင် ပြည်ပရှိ မိသားစုနှင့် သူငယ်ချင်းများကို ဆက်သွယ်သော သို့မဟုတ် ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာရေးအတွက် ထောက်ခံအားပေးသူများသည် ခွဲထွက်ရေးသမားများအဖြစ် သဘောထားခံရနိုင်သည့်အန္တရာယ်ရှိကာ ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်းနှင့် တရုတ်နိုင်ငံတဝန်းတွင် အစိုးရသည် လူမှုရေးဆိုင်ရာ ထိန်းချုပ်မှုများကို ထပ်မံတင်းကျပ်လာကြောင်း တရုတ်ကဏ္ဍတွင် ရေးသားထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အုပ်ချုပ်သည့် ဆယ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း ဖိနှိပ်မှုများ ပိုမိုနက်ရှိုင်းလာသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် နီပေါနိုင်ငံတွင် နေထိုင်သော တိဗက်လူမျိုးများ၏အခြေအနေကိုလည်း ရေးသားထားသည်။

တရုတ်အစိုးရ၏ ခါးပတ်တကွင်းလမ်းတစင်းစီမံကိန်းတွင်ပါဝင်သော နီပေါသည် တရုတ်အာဏာပိုင်များ၏ ဖိအားပေးမှုအရ တိဗက်အသိုင်းအဝိုင်း၏ လွတ်လပ်စွာ စုဝေးခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်များကို ကန့်သတ်ထားသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။