မန္တလေးတိုင်းရှိ မြို့ဟောင်း ၇ မြို့ကို ကြားကာလအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ပြီး တားမြစ်ချက်များ NUG ထုတ်ပြန်

001

(မဇ္စျိမ) ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ဟောင်းခုနစ်မြို့ကို ကြားကာလအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ကြောင်း NUG က ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ထုတ်ပြန်သည်။

အမျိုးသားညီညွတ်‌ရေးအစိုးရ( NUG) အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့၏ အပိုင်း(၃) အဖြစ် ထိုထုတ်ပြန်ချက်တွင် တားမြစ်ချက်များကိုလည်း ဖော်ပြထားသည်။

ကြားကာလအမွေအနှစ်သတ်မှတ်ခဲ့သည့် မြို့ဟောင်းခုနစ်မြို့မှာ ကျောက်ဆည်မြို့နယ်ရှိ မိုင်းမော၊ မြင်စိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ မက္ခရာ၊ နွားထိုးကြီးမြို့နယ်ရှိ ဝတီး၊ တံတားဦးမြို့နယ်ရှိ ပင်းယ၊ အင်းဝနှင့် သပိတ်ကျင်းမြို့နယ်ရှိ တကောင်း စသည့် မြို့ဟောင်းတို့ဖြစ်သည်။

ထိုဒေသများတွင် ကုန်ကြောင်း၊ ရေကြောင်း၊ လေကြောင်း စစ်ရေးပြုလုပ်ခြင်း၊ စစ်ရေးပြုလုပ်ရန် စခန်းနေရာချခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်းတို့ဆောင်ရွက်ခြင်း၊ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်းနှင့် ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပုံစံပြောင်းခြင်းစသည့် မူလအနေအထားပျက်စီးစေရန် ကြံ‌ဆောင်ခြင်းတို့ လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ကြောင်း ထုတ်ပြန်ထားည်။

ထို့ပြင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်‌ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ၂၀၁၉၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ၂၀၁၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၂၀၁၄ တို့အပြင် ပြည်တွင်းနှင့် နိုင်ငံတကာဆက်စပ်ရေး ဥပ‌ဒေများနှင့်အညီ အရေးယူသွားမည်ဟုလည်း ဆိုထားသည်။

အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ တာဝန်ရှိသူတဦးက “ အခုချိန်မှာတော့ လုပ်ငန်းစဉ်အချို့ကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ အကန့်အသတ်အချို့ရှိနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမှုတွဲပြုစုတာမျိုး၊ ပြည်တွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေတင်နိုင်အောင် ပြင်ဆင်တာမျိုးဆောင်ရွက်နေပါတယ်။ တော်လှန်ရေးအလွန်ကာလတွေမှာ ပြစ်မှုကျူးလွန်တဲ့အဖွဲ့အစည်းဟာ သေချာပေါက် ပြစ်ဒဏ်ခံရအောင် ဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ဆိုသည်။

ထို့ပြင် အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေများတွင် ဖြစ်ပွားခဲ့ပါက NUG တရားရုံးများက ချမှတ်ထားသည့် ကြားကာလလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ယင်းတားမြစ်ချက်များသည် ထိုဒေသရှိ ဒေသခံပြည်သူများ မိရိုးဖလာလုပ်ကိုင်လာသည့် ဥပဒေနှင့် ညီညွတ်သော အသက်မွေးမှုလုပ်ငန်းများ၊ လက်ရှိတည်ရှိနေမှုများအပေါ် သက်ရောက်ခြင်းမရှိစေရဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် NUG အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေဖြင့် မန္တလေးတိုင်းအတွင်းရှိ ကြားကာလ အမွေအနှစ်စာရင်း အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကိုလည်း သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ကာ ထိုအထဲတွင် ဘေးမဲ့တောများ၊ ဘုရားများနှင့် ကျောင်းတိုက်များလည်း ပါဝင်သည်။

စာတည်းး။ ။အောင်ကျော်ဖြိုး