ရုရှားစစ်ဘက်ဆိုင်ရာလူပုဂ္ဂိုလ် ၂၇ဦးကို စစ်ကောင်စီခေါင်းဆောင်က ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်

စစ်​ကောင်စီ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်နှင့် ရုရှားဒုတိယကာကွယ်​ရေးဝန်ကြီးတို့အား မတ်လ ၂၆ ရက်​နေ့ ညပိုင်းက ​တွေ့ရစဥ် (ဓါတ်ပုံ – CINCDS)

001

မဇ္ဈိမ။ ။ ရုရှားနိုင်ငံမှ စစ်ဘက်ဆိုင်ရာလူပုဂ္ဂိုလ် ၂၇ဦးကို စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဂုဏ်ထူးဆောင်တံဆိပ်များ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။

ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ရာတွင် သီရိသီဟကျော်တံဆိပ်ရရှိသူ ၁၅ ဦးနှင့် သီရိသူရကျော်တံဆိပ်ရရှိသူ ၁၂ ဦးရှိပြီး ထိုအထဲတွင် ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးစသည့် ရာထူးအဆင့်ရှိသူများလည်းပါဝင်သည်။

ခေတ်မီတပ်မတော်တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ရုရှားနိုင်ငံမှ ပုဂ္ဂိုလ်များအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးတင့်လွင့်စိုး၊ ဗိုလ်မှူးဌေးအောင်၊ တပ်ကြပ်ကြီးညွန့်ဝင်းတို့ကိုသူရဘွဲ့၊ ဗိုလ်မှူးကြီးဉာဏ်လင်းထက်၊ ဒုတိယဗိုလ်မှူးကြီးဇော်မျိုးသန့်၊ ဗိုလ်မှူးမျိုးထက်ဇော်၊ တပ်ကြပ်ကြည်ဖြိုးဝေတို့ကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ကြောင်းလည်း ထုတ်ပြန်ထားသည်။ ဒုတိယရဲမှူးတဦးကိုရဲသူရတံဆိပ်နှင့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အပါအဝင် ၄၀ဦးကို ရဲဗလတံဆိပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ရုရှားနိုင်ငံမှ စစ်ဘက်တာဝန်ရှိသူများကို ပေးအပ်သည့် သီရိသီဟကျော်တံဆိပ်နှင့်သီရိသူရကျော်တံဆိပ်တို့သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၀ ရက်နေ့တွင် အသစ်ဖြည့်စွက်ပြဌာန်းကြောင်းထုတ်ပြန်ခဲ့သည့် တံဆိပ်များလည်းဖြစ်သည်။

ရုရှားနိုင်ငံသည် စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအားကောင်းသည့်နိုင်ငံဖြစ်သည်။မတ်လ ၂၅ရက်ကရုရှားနိုင်ငံ၊ ဆိုချီမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည့် ၁၃ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီက ၇၉နှစ်‌မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး ရုရှားနိုင်ငံဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များလည်း နေပြည်တော်သို့ ရောက်ရှိနေကြောင်း သိရသည်။

စာတည်း – အေးချမ်း