အင်းစိန် စီအိုင်ဒီရုံးရှေ့ ဗုံးနှစ်ကြိမ်ပေါက်

‌‌ဗုံးပေါက်ကွဲသည့် နေရာ

ကီရာ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံလမ်းမကြီးပေါ် အရှေ့ဈေးကုန်းလမ်းအနီးရှိ အင်းစိန် စီအိုင်ဒီ( Criminal Investigation Department – Insein)ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံးအရှေ့တွင် ယမန်နေ့ ဇန်နဝါရီ ၁၅ရက် ညနေ ၇နာရီကျော်က ဗုံးနှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း ‌၎င်းအနီးရှိ ဒေသခံများက ပြောသည်။

” ဗုံးက နှစ်ကြိမ် ဆက်တိုက် ပေါက်ကွဲသံကြားရတယ်။ ပြီးတော့ လူနာတင်ကား အသံတွေလည်း ကြားရတယ်။ အထိအခိုက်ကတော့ ကျွန်တော်တို့လည်း သေချာမသိရဘူး”ဟု ၎င်းဒေသခံက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကို အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့နှင့် Yangon Army တို့မှ ပူးပေါင်း၍ ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြင်းအားမြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ထိခိုက်မှု ရှိနိုင်ကြောင်းကိုလည်း Yangon Army မှ စစ်ရေးတာဝန်ရှိသူတဦးက ပြောသည်။

“ထိခိုက်မှုကတော့ အနည်းဆုံး သုံးကောင်လောက် သေဆုံးသွားနိုင်ပါတယ်။ ပြင်းအားမြင့်တဲ့မိုင်းဖြစ်တဲ့အတွက်လေ။ ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်ရင် ထိထိရောက်ရောက်ပဲ တိုက်ခိုက်လေ့ရှိတာပါ” ဟု Yangon Army မှ စစ်ရေးတာဝန်ခံက ပြောသည်။

ထို့အပြင် နောက်ထပ် ပစ်မှတ်ကြီးများကို မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများနှင့် ဝေးဝေးနေထိုင်ကြရန် YA အဖွဲ့မှ သတိပေး ထုတ်ပြန်ထားခဲ့သည်။

“ကျနော်တို့ YA အနေနဲ့ စကစမပြုတ်မခြင်းတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြဖို့နဲ့စိတ်ဓာတ်မကျကြဖို့ မှာချင်ပါတယ်။ ရန်ကုန်ကို ရန်ကုန်သားတွေပိုင်တယ်”ဟု ၎င်းက ထပ်မံ ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)