မီဇိုရမ်ပြည်နယ်တွင် ၂၀၂၃အတွင်း မူးယစ်ဆေးမှုဖြင့် မြန်မာနိုင်ငံသား ၅၀ကျော်ဖမ်းဆီးခံရ

ပုံအညွှန်း – ရဲတပ်ဖွဲ့မှဖမ်းဆီးထားသော မူးယစ်ဆေးဝါးများ/ဓါတ်ပုံ – မီဇိုပြည်နယ်ရဲတပ်ဖွဲ့

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်တွင် ၂၀၂၃ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုတွင်
လူပေါင်း ၃၈၅ဦးဖမ်းမိခဲ့ရာ မြန်မာနိုင်ငံသားများ ၅၅ဦးပါဝင်ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၉ရက် နေ့တွင်ထုတ်ပြန်သည်။

“မကြာသေးခင်ကမှ နယ်စပ်မှာလူသတ်မှုဖြစ်တယ်။ အခုရဲက မူးယစ်ဆေးဝါးဖမ်းဆီးတာမှာ မြန်မာပြည်သူတွေပါကြောင်းထုတ်ပြန်လာတော့ ကျနော်တို့ အတွက် ရှေ့ဆက်နေထိုင်ရမဲ့အချိန်တွေမှာ မီဇိုတွေကမလိုလားမှာ၊ ပြန်မောင်းထုတ်မှာတော့ စိုးရိမ်မိတယ်” ဟု မြန်မာနိုင်ငံသားစစ်ဘေးရှောင်တဦးက မဇ္စျိမ ကိုပြောသည်။

မီဇိုရမ်ပြည်နယ်သည် ချင်းပြည်နယ်နှင့်နယ်မြေချင်းထိစပ်‌နေပြီး ယခုကဲ့သို့ မူးယစ်ဆေးဝါးမှုများ၌ မြန်မာနိုင်ငံသားအချို့ ပါဝင်ပတ်သက်နေသည့်အပေါ် မြန်မာစစ်ဘေးရှောင်များက စိုးရိမ်နေသည်။
စစ်ဘေးရှောင်များသည် တိမ်းရှောင်လာချိန်မှစ၍ နေရပ်ကို မပြန်တော့ကြောင်းနှင့် မူးယစ်ဆေးဝါးမှုများတွင်ပါဝင်သူများမှာ နယ်စပ်ကိုဖြတ်၍ အသွားအပြန်လုပ်နေသူများဖြစ်သည်ကို ဒေသခံများနားလည်စေလိုသည် ဟုဆိုသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၅၀,၀၀၀ကျော် ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှသိရသည်။စစ်ဘေးရှောင်များနှင့် တရားမဝင်ကုန်သွယ်သူများ ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများအကြား ကွဲပြားရှုမြင်ကြရန် မီဇိုရမ်ပြည်နယ်အစိုးရနှင့် လူမှုရေးအသင်းအဖွဲ့များကဒေသခံများအား အသိပေးခဲ့ဖူးသည်။

မီဇိုရမ်ပြည်နယ်တွင်မူးယစ်ဆေးဝါးသုံးစွဲမှုကို ဥပဒေဖြင့်တားမြစ်ပိတ်ပင်ထားပြီး ရဲတပ်ဖွဲ့အပါအဝင် လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာတိုက်ဖျက်နေသည်။

ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ မီဇိုရမ်ပြည်နယ်တွင် ၂၀၂၃ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှု ၂၇၃ မှု၌
ဘိန်းဖြူ၊ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများအပါအဝင် ရူးပီးငွေ သန်း ၄၉၀ ကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း