ကလေးမြို့တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီဘက်မှ ၈ဦးသေဆုံး

တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် ခဲယမ်းနှင့် အသုံးဆောင်များ။ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ

ပါခွီး ၊ ကိုခင်မောင်

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ကလေးမြိုနယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ယမန်နေ့ မတ်လ(၄)ရက်တွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ထိုမာရွာမှထွက်လာသော ခမရ (၇၀၃)တပ် နှင့် ပျူစောထီးပူးပေါင်း အင်အား ၆၀ခန့်ကို ထိုမာနှင့်သာယာကုန်းရွာကြား ဆပ်သချောက်၌ ကာကွယ်ရေးပူးပေါင်းတပ်က မတ်လ ၂ရက်နေ့တွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“သူတို့က သာယာကုန်းကို ထိုးစစ်လုပ်ပြီးဝင်တိုးတာ ။ ရွာအနီးပေ ၁၀၀ လောက်အလိုမှာ ကျနော်တို့ဘက်ကတုန့်ပြန်တော့ အတော်အထိနာပြီး ပြန်ဆုတ်သွားတယ်။သူတို့မကောက်နိုင်လိုက်တဲ့ အလောင်းနှစ်လောင်းကို သင်္ဂြိုလ်ပေးလိုက်တယ်” ဟု မြေပြင်မှ ကာကွယ်ရေးရဲဘော်တဦးက မဇ္စျိမကိုပြောသည်။

မတ်လ ၂ရက်က တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် ထိုမာရွာသို့ ပြန်ဆုတ်သွားကာ တပ်စွဲလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကာ ၂၀ဦးခန့်ဒဏ်ရာရရှိထားပြီး MA ကျည် ၃၉၀၀တောင့်အပါအဝင် ကျည်ဆံများနှင့် စစ်အသုံးအဆောင် များ သိမ်းဆည်းရမိကြောင်း အမှတ်(၁) စစ်ဒေသ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

အဆိုပါတိုက်ပွဲကို ကလေးခရိုင်တပ်ရင်း (၂)၊(၄)၊(၅)နှင့်Vakok PDF ၊ CDF – KKG တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်က ကလေးမြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံတပ်ဖွဲ့များတပ်စွဲထားသော စက္ကန့်ရွာ၊ကံကြီးရွာနှင့်ကံသာရွာမှစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ပွဲအတွင်း ပိတ်မိနေသည့် တက္ကသိုလ်မှပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ခဲ့ရကြောင်းနှင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပြီးအသုတ်လိုက်ခွဲ၍ ၎င်းတို့၏နေရပ်ဆီသို့ ပြန်လည်ပို့ဆောင်ပေးနေကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ၂၉ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုဝန်ထမ်းများနှင့် ကျောင်းသားများကို ပြန်လည်ကယ်တင်နိုင်ရေးဟု အကြောင်းပြကာ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

လက်ရှိတွင် ထိုမာရွာ၊သာယာကုန်း၊ကြာအင်းနှင့် ထောက်ကြန့်ကျေးရွာဒေသခံများ နီးစပ်ရာ တောတောင်များအတွင်းတိမ်းရှောင်နေရကြောင်း သိရသည်။

ကလေးမြို့ပတ်ဝန်းကျင်နှင့် မြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ မလို လားအပ်သည့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ပြည်သူများအနေဖြင့် မြို့အတွင်းမှထွက်ခွာရန်နှင့် စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ခိုလှုံကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတိပေးထားသည်။

ကလေးမြို့နှင့်ချင်းပြည်နယ်ဆက်သွယ်ထားသော သိုင်းငင်းလမ်းမကြီးကိုလည်း စစ်ဆင်ရေးအခြေအနေအရ မတ်လ ၃ရက်နေ့မှစတင်ပြီး အသုံးမပြုကြရန် CDF – CDM Siyinက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း