စစ်ကောင်စီစစ်ကြောင်းကြောင့် သရက်ချောင်းမြို့ ရွာ ၅ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ပုံ – ကနက်သီရွာအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ဝင်လာ၍ ကျေးရွာငါးရွာမှ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ကမ်းခြေရွာများဖြစ်သော ကနက်သီရိနှင့်ကျွဲမင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီအင်အား ၆၀ ခန့်က ဇန်နဝါရီ ၁၃ ရက်နေ့ ညတွင် လက်နက်ကြီး၊လက်နက်ငယ်များနှင့် ပစ်ခတ်ဝင်ရောက်လာ၍ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

” စစ်တပ်က ညဖက်ကြီး ဝင်လာချိန်မှာ ပြည်သူ အချို့က အိမ်တံခါးပိတ်ပြီးထွက်ပြေးတော့ သေနတ်တွေနဲ့ ပစ်တာ။ ထွက်မပြေးတဲ့ လူတွေကျတော့ ဖမ်းဆီးရိုက်နက်ခံလိုက်ရတယ်”ဟု ဒေသခံစစ်ရှောင်အမျိုးသမီးတဦးက ပြော သည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ပင်လယ်ကမ်းခြေ အနီးရှိ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရီ၊ မင်းဒပ်နှင့်ဝဲရစ်ကျေးရွာတို့မှ ပြည်သူ ၂,၀၀၀ ကျော်သည် တောတောင်များနှင့် ဓနိတောများအတွင်းသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“ဒီတခေါက်ဝင်လာတာလည်း တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာ။ နေအိမ်တွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ပြီး ရွှေ၊ ငွေတန်ဖိုးကြီးပစ္စည်းတွေယူပြီး ဒီနေ့ မနက် ၅ နာရီလောက်မှာ ပြန်ထွက်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံတဦးက ယ‌နေ့ ဇန်နဝါရီလ ၁၆ရက် နေ့လယ်တွင် ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း လောင်းလုံးမြို့နယ်မှ လူနေအိမ် ၁၅၀ နီးပါးကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဒေသခံအများစုသည် ရွာထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ပင်လယ်ကမ်းစပ်ရှိ ဓနိတောများထဲတွင် နေထိုင်ကြရကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၃ နှစ် ဇူလိုင်လကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ ကနက်သီရိကျေးရွာအုပ်စုတခုလုံး ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

“လက်ရှိကတော့ စစ်တပ်က ရွာနဲ့အနီးဆုံးရှိတဲ့ ဝဲရစ်ရွာကိုရောက်ရှိနေလို့ ပြည်သူအချို့ကတော့ ရွာထဲကို နည်းနည်းပါးပါး ပြန်ဝင်နေတာမျိုး ရှိနေပေမယ့် အများစုကတော့ ရှောင်နေရတုန်းပဲဖြစ်တယ်”ဟု ကနက်သီရိကျေးရွာမှ စစ်ရှောင်အမျိုးသမီးတဦးက ပြောသည်။

စာတည်း – အေးချမ်း