စစ်ဆင်ရေးအတွက် တိုက်ခိုက်ရေးလေယာဉ်များ ပိုမိုလိုအပ်ဟု ယူကရိန်းမြေပြင်တပ်မှုး ပြောကြား

Reuters

ယူကရိန်းသည် စစ်ပွဲအတွက် ခြေလျင်တပ်များကို ပံ့ပိုးပေးနိုင်မည့်  A-10  အမေရိကန်တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ပစ်ခတ်နိုင်သော လေယာဉ်များကဲ့သို့ စစ်လေယာဉ်များ ပိုမိုလိုအပ်ကြောင်း ယူကရိန်းမြေပြင်တပ်မှူးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။

ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါဆာစကီက ရုရှားနိုင်ငံအနောက်ဘက်နယ်စပ်ရှိ ခါခိဗ်ဒေသ၏အရှေ့မြောက်ပိုင်းဒေသတစ်နေရာတွင် ရိုက်တာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ပေးမယ်ဆိုရင် A-10 တိုက်ခိုက်ရေးလေယာဉ်တွေကို ရွေးချယ်စရာတစ်ခုအဖြစ် ပြောချင်ပါတယ်။  ဒါဟာ အသစ်အဆန်းမဟုတ်ပါဘူး။ အဲဒီလေယာဉ်တွေဟာ စစ်ပွဲတော်တော်များများမှာ သက်သေပြခဲ့ပြီး ခြေလျင်တပ်တွေကို ကူညီဖို့ မြေပြင်ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့အတွက် လက်နက်တွေအများအပြား တပ်ဆင်ထားတဲ့ ယုံကြည်စိတ်ချရတဲ့လေယာဉ်ပါ။” ဟု အသက် ၅၈ နှစ်အရွယ် တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကြီးက ပြောသည်။

အမေရိကန်မှ ထုတ်လုပ်သော အသံထက်နှေးသည့် A-10 Thunderbolt တိုက်ခိုက်ရေးလေယာဉ်သည် ၁၉၇၀ ပြည့်နှစ်လွန်ကတည်းက တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအတွက် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ အကူအညီပေးရန် လွှတ်တော်အမတ်များအကြား အငြင်းအခုံဖြစ်နေချိန်တွင် တပ်မှူး ဆာစကီက စစ်လေယာဉ်များကို ထပ်မံတောင်းဆိုလာခြင်းဖြစ်သည်။

A-10 သည် အရင်းအမြစ်ကြွယ်ဝသော ရန်သူကို တိုက်ခိုက်ရန် ကနဦးကြိုးပမ်းမှုတွင် မြေပြင်တပ်ဖွဲ့များအတွက် အရေးပါသော အထောက်အပံ့ကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဆာစကီက ပြောသည်။

တိုက်ခိုက်ရေးလေယာဉ်က “တင့်ကားနဲ့ အမြောက်တွေ စတဲ့မြေပြင်ပစ်မှတ်တွေလို ခြေလျင်တပ်တွေကို တန်ပြန်တဲ့ အရာမှန်သမျှကို ဖျက်ဆီးပစ်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။

မြေပြင်တပ်မှူး ဆာစကီက AH-64 Apache၊ AH-1 Super Cobra နှင့် UH-60 Black Hawk တိုက်ခိုက်ရေးရဟတ်ယာဉ်များသည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု ဆိုသည်။

 ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ယူကရိန်းကို ရုရှားတို့ အင်တိုက်အားတိုက် ကျူးကျော်ဝင်ရောက်ချိန်မှစ၍ ယူကရိန်းသည် သံချပ်ကာယာဉ်များ၊ တင့်ကားများ၊ တာဝေးပစ်ဒုံးကျည်များနှင့် F-16 တိုက်လေယာဉ်များ အပါအဝင် ခေတ်မီသော လက်နက်များနှင့် ခဲယမ်းများ ပိုမိုထောက်ပံ့ပေးရန် အနောက်နိုင်ငံများမှ မဟာမိတ်များအား ဖိအားပေးတောင်းဆိုခဲ့သည်။

ပထမဆုံးအသုတ် F-16 ဂျက်လေယာဉ်များသည် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ယူကရိန်းသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ သို့သော် ရုရှား၏လေတပ်၏ အင်အားကြောင့် စစ်ပွဲအပေါ် ၎င်းတို့သက်ရောက်မှုသည် အကန့်အသတ်ဖြင့်သာ ရှိနိုင်သည်။

ယူကရိန်းသည် ပြီးခဲ့သော နွေရာသီက တန်ပြန်ထိုးစစ်တစ်ရပ်ကို ဆင်နွှဲခဲ့သော်လည်း နိုင်ငံအရှေ့ဘက်နှင့် တောင်ဘက်တွင် ရုရှားတပ်များက ကတုတ်ကျင်းများနှင့် အခြားခံစစ်လိုင်းများ ဖောက်လုပ်ထားခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ပေ။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ဘက်ရှိ အချို့နေရာများတွင် ပြန်လည်ထိုးစစ်ဆင်နေကာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဆာစကီက ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များက ရှေ့တန်းစစ်မျက်နှာ နေရာအမျာအပြားတွင် ဆက်လက်တိုက်ခိုက်နေသလို ယူကရိန်းတပ်ဖွဲ့များကလည်း တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယူကရိန်းသည် လေယာဉ်များ တောင်းဆိုထားသည့်အပြင် တချို့တပ်ဖွဲ့များ ခဲယမ်းပြတ်လပ်နေသဖြင့် လက်နက်ကြီးအတွက် ခဲယမ်းများကိုလည်း အမြန်ထောက်ပံ့ပေးရန် မဟာမိတ်များကို တောင်းဆိုထားသည်။

စစ်မြေပြင်တွင် ဒရုန်းများကို ပိုမိုအသုံးပြုလာကြသော်လည်း အမြောက်များသည် စစ်တပ်နှစ်ခုစလုံးအတွက် အဓိကအရာဖြစ်နေသေးကာ ယူကရိန်းသည် ရရှိနိုင်သောထောက်ပံ့မှုအပေါ်မူတည်လျက် လက်နက်ကြီးကျည်အမျိုးမျိုးကို ချိန်ဆသုံးနေရသည်။

ကီလိုမီတာ ၁ ၀၀၀ (မိုင် ၆၂၀) ရှည်လျားသော ရှေ့တန်းတလျှောက်တွင် မဆုတ်သာမတိုးသာ အခြေအနေနီးပါး ဖြစ်နေသော်လည်း ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ယူကရိန်းခံစစ်အတွက် ကြီးကြပ်ခဲ့သူလည်းဖြစ် ထိုနှစ်နှောင်းပိုင်းတွင် ခါခိဗ်ဒေသရှိ ယူကရိန်း၏လျှပ်တစ်ပြက် တန်ပြန်ထိုးစစ်ကို ကြီးကြပ်ခဲ့သူလည်းဖြစ်သည့် မြေပြင်တပ်မှူး ဆာစကီက အနာဂတ်တွင် ရန်သူ့ခံစစ်ကိုထိုးဖောက်မှုများ ရှိလာနိုင်သေးကြောင်းလည်း ပြောကြားခဲ့သည်။

ယူကရိန်း၏အခွင့်အရေးနှင့်ပတ်သက်၍ စစ်ပွဲတွင် အလှည့်အပြောင်း ရှိနိုင်ခြင်း ရှိ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆာစကီက “အခွင့်အရေးတွေ အမြဲရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကို ရှာပြီး အသုံးချဖို့ပါပဲ” ဟု ပြောသည်။

ရုရှားအနေဖြင့် နေရာတိုင်းတွင် ခိုင်မာသော ခံစစ်များတည်ဆောက်ရန် မဖြစ်နိုင်ကြောင်းနှင့် မြေပြင်အနေအထားနှင့် အခြားအချက်များကြောင့် အားနည်းချက်များ အမြဲရှိနေကြောင်းလည်း မြေပြင်တပ်မှူး ဆာစကီက ပြောကြားခဲ့သည်။