စစ်ကောင်စီလက်နက်ကြီးနှင့်လေကြောင်းရန်ကြောင့် မင်းတပ်နှင့်မတူပီမှစာသင်ကျောင်းအများစုပိတ်ထားရ

ချင်းပြည်နယ်မှ စစ်ဘေးရှောင်ကလေးငယ်အချို့( ပုံဟောင်း)

(မဇ္ဈိမ) ။ ။ချင်းပြည်နယ်၊ မင်းတပ်နှင့်မတူပီမြို့နယ်မှ ကျေးရွာများရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းအများစုသည် စစ်ကောင်စီလေကြောင်းနှင့်လက်နက်ကြီးရန်ကြောင့် ပိတ်ထားရပြီး နေအိမ်တချို့တွင်လူစုခွဲကာစာသင်ကြားနေရကြောင်း ဒေသခံများထံမှသိရသည်။

” စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ပစ်နေတာပါ။ အဲ့ဒီလိုကြုံနေရပါတယ်။ ဒါကြောင့် ကျောင်းတွေ ပိတ်ထားရပြီး အိမ်တွေမှာ စုသင်နေရပါတယ်” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သည့်ဒေသခံတဦးကပြောသည်။

မင်းတပ်နှင့်မတူပီမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဒေသခံကလေးငယ်များ၏ပညာရေးကို စီမံဆောင်ရွက်နေခြင်းဖြစ်သည်။ စစ်ကောင်စီလေကြောင်းနှင့်လက်နက်ကြီးရန်ကြောင့် ကလေးများ၏ လုံခြုံရေးကိုအထူးသတိပြုနေကြရကြောင်း ဒေသခံများကပြောသည်။

” ရွာမှာရှိတဲ့ကလေးငယ်တွေ၊စစ်ဘေးရှောင်ကလေးငယ်တွေကို စာသင်ကျောင်းတွေမှာ စာသင်ကြားပေးကြတယ်။အခုတလော နေ့တိုင်းနီးပါးလက်နက်ကြီးနှင့်ပစ်နေသလိုလေယာဉ်ကလည်း ညတိုင်းဝဲတယ်။ပြီးခဲ့တဲ့နှစ်ကလည်း စာသင်ကြားနေတဲ့နေအိမ်ကိုလေယာဉ်နဲ့ဗုံးကြဲလို့ ကလေးတွေသေတာတွေလည်းရှိတော့ လူစုခွဲပြီးစာသင်နေရတယ်”ဟု မင်းတပ်ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ရက်နေ့က မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) မှလည်း တာဝေးပစ်အမြှောက်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ကျေးရွာစာသင်ကျောင်းအပါအဝင်အဆောက်အဦရှစ်ခု၊ခရစ်ယာန်ဘုရားကျောင်းဆောင်တဆောင်နှင့် နေအိမ် (၁၈) လုံးပျက်စီးခဲ့သည်ဟု သိရသည်။ ထိုနှစ်နိုဝင်ဘာ၁၅ ရက်နေ့ကလည်း မတူပီမြို့နယ်၊ ဝေလလူးကျေးရွာတွင်စာသင်ကြားနေသည့်နေအိမ်တည့်တည့်ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် အသက်မပြည့်သေးသည့်ကလေးငယ်အပါအဝင်၁၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်းမှ မကြာခဏ ကင်းထောက်နေပြီး ယမန်နေ့ ဇန်နဝါရီလ ၁၅ရက်နေ့လယ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ ‌မင်းတပ်မြို့၊ဝမ္မသူးကျေးရွာမှ အမျိုးသမီးကြီးတဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း