စစ်ခေါင်းဆောင်ကို လက်မခံတော့တဲ့ သံဃာတော်တွေအကြောင်း (အတွေးအမြင်ဆောင်းပါး)

ရဲမာန် (MMTI)

(ယခုဆောင်းပါးတွင်လုံခြုံရေးအလို့ငှာ သံဃာတော်များ၏ဘွဲ့အမည်များကို ပြောင်းလဲထားပါသည်။)

သံဃာ စာသင်သား အများစုကြား ယခုအချိန်ထိ အရှိန်အဝါကြီးသော စာသင်တိုက်များမှာ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူနှင့် ရန်ကုန်မြို့များတွင်ရှိကြသည်။

စစ်တပ်ဘက်ယိမ်းသော စာသင်တိုက်များရှိ စာသင်သားသံဃာ အကြီးပိုင်းများမှာ အာဏာမသိမ်းမီနှင့် အာဏာသိမ်းခါစကာလများမှာ နိုင်ငံရေးတွင်တပ်မတော်ပါဝင်သင့်၊ အာဏာသိမ်းမှုမှာ တပ်မတော်သာအမှန်၊ တပ်မတော်သာ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူ စသည်ဖြင့် ယုံကြည်ထောက်ခံခဲ့ကြသော်လည်း၊ အာဏာသိမ်းမှု အလွန်မှာတော့ အရည်အချင်းမရှိသော မင်းအောင်လှိုင်တပ်၏ အသုံးမကျမှု ၊ ဘာသာရေး ၊ နိုင်ငံရေး လိမ်လည်မှုတွေကို ကွက်ကွက်ကွင်းကွင်း သိလာပြီးနောက် ထောက်ခံမှုများ သိသိသာသာ ကျဆင်းသွားခဲ့သည်။ စာသင်သားသံဃာများ၏ မိဘ ဆွေမျိုး ရပ်ရွာများတွင် မတရားစစ်ကြောင်းထိုးမှုများ၊ လုယက် မီးရှို့ လူသတ်မှုများ ၊ ဖမ်းဆီး ငွေညှစ်မှုများ အကြိမ်ကြိမ် ကြုံရပြီးနောက် အတွေ့အကြုံများ ကို မြို့မတူ ၊ စာသင်တိုက်မတူသော သူငယ်ချင်း စာသင်သား သံဃာ အချင်းချင်း ဖလှယ် ဖြစ်ရင်း မင်းအောင်လှိုင် စစ်တပ်၏ ပြည်သူအပေါ် ယုတ်မာမှု များကို မိတ်ဆွေတွေ၊ မိဘသားချင်းတွေ ကိုယ်တိုင်ကြုံမှ ယုံကြရကာ ကျောချမှ ဓားပြမှန်း သိကြရတော့သည်။

“ မပြောချင်လို့သာရယ်၊ မဘသ စာသင်တိုက်က သံဃာတွေ သွားမေးကြည့်လိုက်၊ စစ်တပ်ကို အရင်လို ထောက်ခံသေးလားလို့၊ ကြိတ်မနိုင်ခဲမရနဲ့ မထွေးနိုင်၊ မအံနိုင် ကိုယ်တော်တွေ အများကြီး၊ မိဘ သားချင်းတွေ အသတ်ခံရ၊ အနှိပ်စက်ခံရတာတွေ ဆက်တိုက်ကြုံလာတော့ ထောက်ခံရာကနေ ငါနဲ့ ကိုင်တုပ်တဲ့ အဆင့်ရောက်လာကြပြီ၊ အင်တာနက်ခေတ်ကြီးမှာ ဂျင်းထည့်လို့မရတော့ပါဘူး၊ ဒကာကြီးရေ၊ ဒါတောင် ဥူးဇင်းတို့က စာသင်သားဆိုတော့ ဖုန်းကို တပတ်မှ တရက်ပဲ ကိုင်ရတာ၊ ဖုန်းကိုင်ရတဲ့ ရက်ဆို သတင်းဆိုးတွေက ဆက်တိုက်ပဲ၊ ဘယ်သူ့မယ်တော်တော့ စစ်တပ်က ကျည်မှန်လို့၊ ဘယ်သူ့ ခမည်းတော်ကတော့ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးမှန်လို့၊ ရွာမီးရှို့ခံရလို့ အို စစ်တပ်ယုတ်တာတွေ အကုန်ကြားနေရတာ”ဟု ရန်ကုန်ရှိနာမည်ကြီး စာသင်တိုက်ကြီးတခုတွင် ဓမ္မစရိယတန်း တက်နေသည့် ဥူးစန္ဒာဇောတိကပြောသည်။

ဥူးစန္ဒာဇောတိ စာဝါလိုက်နေသည့် စာသင်တိုက်မှာ သံဃာ ရာနဲ့ချီရှိပြီး မဘသ အမာခံဟူ၍ တိုက်အုပ်ဆရာတော်နှင့် နာယက ဆရာတော်အနည်းငယ်သာ စစ်တပ်ကိုဇွတ်မှိတ်ကာ ဆက်လက်ထောက်ခံနေပြီး ငယ်ရွယ်သော စာတတ်ပေတတ်၊ အင်တာနက်သုံးသည့် သံဃာ အများစုကတော့ စစ်တပ်၏ ယုတ်မာမှုကို သိရှိနေကြပြီ ဖြစ်သည်။ မန္တလေး စာသင်တိုက်က တဆင့် ရန်ကုန်၊ ရန်ကုန်ကပခုက္ကူ၊ စစ်ကိုင်း၊ တောင်ကြီး စသည်ဖြင့် အပြန်အလှန် ဖုန်းတွေဆက်ကြရင်း စာသင်သား အချင်းချင်း စစ်တပ်၏ ယုတ်မာမှုတွေကို ဖလှယ်ဖြစ်နေကြပြီး စစ်တပ်၏ ဖိနှိပ်ရက်စက်မှုတွေကို ပိုမို သိရှိလာကြသည်။

ညနေပိုင်း ကျောင်းတိုက်သန့်ရှင်းရေး ကို ကျောင်းရှိသံဃာအကုန် လုပ်နေချိန် ကိုရင်ငယ်တစ်ပါး နာယက ဆရာတော်ဆီ အပြေးတပိုင်း ရောက်လာသည်။

“ ဥူးဇင်း ဘုန်းကြီးက လောက်ကိုင်မှာစေတီတဆူဖျက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဆန္ဒထုတ်ဖော်ဖို့ ဆွေးနွေးစရာရှိလို့ ညနေ ၅ နာရီ ဘုန်းကြီးဆီ ကြွခဲ့ပါတဲ့ဘုရား။”
ကိုရင်ငယ်က လက်အုပ်ချီရင်း နာယကဆရာတော် ဥူးပညာစာရကိုလျှောက်သည်။ ဖဥူးပညာစာရကကွမ်းကိုဖိဝါးရင်းကနေ မေးကြောတွေ ထောင်ကာ မျက်နှာ နီမြန်းလာသည် အထိ အံကြိတ်သည်။

“ ဘုန်းကြီးကို ပြန်လျှောက်လိုက်စမ်း၊ ဘာဆန္ဒမှ ထုတ်ဖော်ဖို့ အစီအစဉ်မရှိဘူးလို့၊ ငါလည်းမကြွဘူး ၊ ငါ့ဆီ စာဝါလိုက်နေတဲ့ သံဃာလည်း တပါးမှ လွှတ်မပေးနိုင်ဘူးလို့ ငါကပြောတယ်လို့ လျှောက်လိုက်စမ်း၊ ဖုန်းလည်း မဆက်နဲ့ စက်ပိတ်ထားမှာလို့ လျှောက်လိုက် ကြားလား”
တံမျက်စည်းလှဲရင်း အမှိုက်ကောက်ရင်း မသိမသာ နားစွင့်နေကြသော သံဃာများမှာ ဥူးပညာစာရ၏ စကားကြောင့် အချင်းချင်း ဝမ်းသာအားရ လက်မထောင်ပြနေကြသည်။

ဘုန်းကြီးဆီ ပြန်လျှောက်ရမည့်ကိုရင်က တအံ့တဩဖြင့် “တင်ပါဘုရား” ဟု ဆိုကာ လက်အုပ်ချီရင်း ခေါင်းညိတ့်သည်။
ဘုန်းကြီးသည် ကျောင်း၏ အဓိပတိမို့ ဘုန်းကြီး ဩဝါဒပဲပေးပေး၊ ဘာပဲ မိန့်မိန့် နာယက ဆရာတော်နဲ့ အခြားသံဃာများက စောဒက တက်ရိုးမရှိ၊ “တင်ပါဘုရား”ဟုသာ အမြဲနာခံကြရသည်။ မနာခံချင်ပါကလည်း ကွယ်ရာမှာသာ အချင်းချင်း တီးတိုးဆိုရဲကြသည်။ အခုတော့ ဆရာတော်၏ စကားကို မနာခံ ပဲ ပေါ်တင် တော်လှန်အာခံသူ အဖြစ် ကျောင်းတိုက်မှ တပ်မတော်ကို အနာခံ ထောက်ခံသူ ဥူးပညာစာရ က စတင်လာပြီဖြစ်သည်။

စကစ အလိုကျ ၊ စကစဘက်တော်သားများစီမံသည့် လောက်ကိုင်မှာ စေတီတော်ကို ဖျက်ဆီးသည့် ကိစ္စအတွက် မြန်မာပြည်အနှံ့ ဆန္ဒပြပွဲများ ၊ လုပ်ပွဲများ အသီးသီး ကျင်းပနေကြပြီ ဖြစ်သော်လည်း ဥူးပညာစာရတို့လို အမာခံ တပ်ထောက်ခံသူ သံဃာများ အရင်လို များစွာ ပါဝင်လာခြင်း မရှိတော့သည်ကို စကစသစ္စာခံ သတင်းစာများတွင် အထင်အရှားတွေ့မြင်ရပြီဖြစ်သည်။ နောက်နောင်များတွင်လည်း စကစသည် သံဃာများကို ဘာသာရေးဖြင့်ဂျင်းထည့်ရန် အခွင့်အရေး လွန်စွာနည်းပါးလာပြီဖြစ်သည်။

ဥူးပညာစာရ က “ အဟမ်း “ဟု ချောင်းဟန့်လိုက်ချိန် စာသင်သားများက သန့်ရှင်းရေး လုပ်ရာက ခေါင်းလှည့်ကာ ဆရာတော်ကို ကြည့်ကြသည်။

“တခါထဲ မှာထားမယ်နော်၊ အရှင်ဘုရားတို့ လောက်ကိုင်က စေတီတော်ဖျက်တဲ့ ကိစ္စ ဆန္ဒထုတ်ဖော်ပွဲ မသွားချင်ကြတာ သိလို့ တပည့်တော်က အပြတ်ငြင်းပေးလိုက်ပြီ၊ ဘုန်းကြီးက အတင်းခေါ်လို့ ဘာလို့ လိုက်မယ်တော့ စိတ်မကူးကြနဲ့၊ ဘယ်သူ့မှ အားနာစရာမလိုဘူး မလိုက်ချင်ဘူးလို့ ရဲရဲ ငြင်းသာငြင်းကြ ၊ကြားကြလားဘုရား”
နာယကဆရာတော်မိန့်ပြီးချိန် “တင်ပါ့ဘုရား” ဟု စာသင်သားသံဃာများက ဝမ်းသာအားရ ပြန်လျှောက်ကြသည်။

ဆရာတော်က အမှိုက်ပုံးထဲ ကွမ်းလှမ်းထွေးရင်း ခပ်တိုးတိုး ကြိတ်ရွတ်သံကို အနီးရှိ ကိုရင်ငယ်တပါးက ပီပီသသ ကြားလိုက်ရသည်။
“ ထွီ၊ ကျက်သရေ အလွန်တုံးတဲ့ စစ်တပ်”