ကျောက်တော်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်ရာ ကလေးငယ်၂ ဦးအပါအဝင် ၆ ဦးသေဆုံး

ခက်နွေ

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ လင့်စင်ရွာသစ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ကလေးငယ် နှစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်မြို့နယ် ဒေသခံ တဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ပိုင်းက ကျောက်တော်မြို့ အခြေစိုက် စကခ(၉)က ပစ်ခတ်ခြင်းဖြစ်ပြီး ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ထိုဒေသခံက ပြောသည်။

“ စကခ(၉)ကနေ ပစ်တာ များတော့များတယ်။ မနေ့က ရွာထဲတင် သုံးလုံးကျတယ်၊ ပြေးလွှားရတာပေါ့။ ဒီမနက်တော့ ငြိမ်နေတယ်” ဟု သူက ရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပြင် လေကြောင်းဖြင့် သုံးကြိမ် ပစ်ခတ်တာကြောင့် နေအိမ်တချို့ မီးလောင် ပျက်စီးပြီး လူအသေအပျောက် များခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူများတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသားတဦး၊ အမျိုးသမီး တဦးနှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီး နှစ်ဦးတို့ ပါဝင်ပြီး ဒီကနေ့ မနက်ပိုင်းတွင် နာရေး ပြုလုပ်ပေးခဲ့ကြောင်း အဆိုပါဒေသံခံက ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိခဲ့သည့် ဒေသခံ ခြောက်ဦးကိုလည်း ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု သိရသည်။

အလားတူ ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းကလည်း ကျောက်တော်မြို့အနီး မဟာမြတ်မုနိဘုရားကြီးတွင် ကင်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ တပ်ဆုတ်ပြန်လာစဉ် ဘုရားနှင့်ငါးမိုင်အကွာရှိ သရက်တပင်ကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်အထိ နေရာအနှံ့ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးအရှိန် ပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)