ချင်းမိုင်က စေတီပြိုကျတဲ့ ရုပ်သံ ဖိုင်အဟောင်းဖြစ်

ZZ

(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ စေတီတစ်ဆူဟာ ရာသီဥတုဆိုးရွားတာကြောင့် ပြိုကျသွားတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။

MTofficial ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဧပြီ ၉ ရက်နေ့မှာ “တကယ်ကြီး ချင်းမိုင်မြို့ ရာသီဥတု ဆိုးရွားပြီး စေတီတော် မြေခ” ဆိုတဲ့ စာသားနဲ့အတူ စေတီတစ်ဆူ ပြိုကျသွားတဲ့ ရုပ်သံဖိုင်တစ်ခုကိုပါ ဖော်ပြထားပါတယ်။
ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူတစ်သန်းအထိရှိနေပြီဖြစ်ပြီး ကြိုက်နှစ်သက်သူ ၁၆,၀၀၀ကျော်၊ မှတ်ချက်ပေးသူ ၂၀၀နီးပါးနဲ့ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိခဲ့ပါတယ်။

မဇ္ဈိမက ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာပါတဲ့ စေတီကို စခရင်ရှော့ ရိုက်ယူကာ ဂူဂဲလ်မှာအချက်အလက်စစ်ဆေးခဲ့တာပါ။

အချက်အလက်စစ်ဆေးချက်တွေအရ ဒီရုပ်သံဟာ ၂၀၂၂ခုနှစ်ကရုပ်သံဖြစ်တဲ့အကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ချင်းမိုင်မြို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိတဲ့ စေတီတစ်ဆူ ပြိုကျခဲ့တယ်ဆိုတဲ့ သတင်းမှာ အသုံးပြုထားတဲ့ ရုပ်သံဖိုင်တွေနဲ့ ရုပ်ပုံတွေဟာ အခုပျံ့နေတဲ့ သတင်းနဲ့အတူတူပဲဖြစ်ပါတယ်။
ဒီသတင်းကို ချင်းရိုင်တိုင်းမ် သတင်းဝက်ဘ်ဆိုဒ်က ဖော်ပြထားပါတယ်။ လင့် – t.ly/2S2-o

ဒါ့အပြင် မင်္ဂလာပါဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကလဲ စက်တင်ဘာ ၂၉ရက် ၂၀၂၂ခုနှစ်တုန်းက “ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တွင် ရက်အတန်ကြာမိုးရွာသွန်းပြီးနောက် တစ်ပတ်ကျော်ကြာအက်ကြောင်းဖြစ်လာသည့် နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိ သီရိသုပန်ဓာတုစေတီတော်မြေခ။” ဆိုတဲ့ သတင်းကိုလည်း ဖော်ပြထားခဲ့ပါတယ်။ လင့် – https://shorturl.at/tAFGL

ဒါ့ကြောင့် ချင်းမိုင်မြို့မှာ ရာသီဥတု ဆိုးဝါးတာကြောင့် စေတီတော်တစ်ဆူ မြေခတဲ့ဖြစ်စဉ်ဆိုတဲ့ရုပ်သံဖိုင်ဟာ ယခုနှစ်မှာဖြစ်ပွားခဲ့တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂နှစ်ကဖြစ်ပွားခဲ့တဖြစ်စဉ်အမှန်ကိုအခြေခံကာ ပြန်လည်ဖြန့်ဝေထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။