တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု မရပ်မနား ရှာဖွေခြင်းက အန္တရာယ်ရှိသော တုံ့ပြန်ချက်ကွင်းဆက် ဖြစ်

ရှီကျင့်ဖျင်

Photo: AFP

The Age

ယခုလက်ငင်းကာလတွင် အခြေခံအကျဆုံး အချက်တခုက ကမ္ဘာ့စီးပွားရေးကို စိုးမိုးနေသည်။ တရုတ်သည် ကမ္ဘာအနှံ့ ထုတ်လုပ်သည့် ကုန်များ၏ ၃၁ ရာခိုင်နှုန်းကို ထုတ်လုပ်သလို တရုတ်သည် စုစုပေါင်း သုံးစွဲမှု (စားသုံးမှု) ၏ ၁၃ ရာခိုင်နှုန်းအတွက် စာရင်းပေါက်သည်။

ကျန်သည့် မိမိတို့အားလုံးအနေဖြင့် တရုတ်၏ တိုးလာနေသော ပိုကဲသည့် လုပ်နိုင်စွမ်းကို စုပ်ယူသိမ်းသွင်းရလိမ့်မည်။ အကယ်၍ တရုတ်နိုင်ငံသည် လက်ရှိ အလွန်အမင်း ရင်းနှီးမြှုပ်နှံမှု ပုံစံဖြင့် လာမည့် ဆယ်စုနှစ်အတွင်း ကွန်မြူနစ်ပါတီ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ငါးရာခိုင်နှုန်းကို ပြည့်မီရန် ဆိုပါက ယင်းသည် ဥရောပ၊ အမေရိကနှင့် အိန္ဒိယ၏ စက်မှု ဗဟိုချက်ကို တိုက်စားခြင်းဖြင့်သာလျင် လုပ်နိုင်သည်။

“တခြား အဓိက စီးပွားရေးတွေအနေနဲ့ တရုတ်ကို ထည့်သွင်းစဉ်းစားဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်မှု ဝေစုအဖို့တွေကို လျှော့ချဖို့ လိုလိုလားလား ဖြစ်ရပါလိမ့်မယ်။ ဒါက အင်မတန့်ကို ဖြစ်နိုင်ဖွယ် မရှိဘူးဆိုတာကတော့ ပြောဖို့မလို၊ သိပြီးသားပါပဲ” ဟု Peking တက္ကသိုလ်မှ ပါမောက္ခ မစ်ချယ် ပတ်တစ်က ပြောသည်။

ရှီကျင့်ဖျင်သည် ပုံစံဟောင်းကို ပြုပြင်ပြောင်းလဲနေခြင်း မရှိပေ။ လေလျော့နေသည့် အိမ်ခြံမြေပူဖောင်းကို ခုနှိမ်ထေကာရန်နှင့် လူငယ်အလုပ်လက်မဲ့ဖြစ်မှုကို နိုင်ငံရေးအန္တရာယ် စံအတိုင်းအတာ ၂၀ ရာခိုင်နှုန်းအထက် ထပ်မံ မြင့်တက်ခြင်းမှ တားဆီးရန် အလို့ငှာ ရှီသည် သန့်ရှင်းသော နည်းပညာမှစပြီး ဆီမီးကွန်ဒတ်တာများနှင့် သံမဏိအထိ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များထဲသို့ လမ်းကြောင်းရှာမည့် ကုန်သွယ်နိုင်သော ကုန်ပစ္စည်းများအားလုံးဖြစ်သည့် အရာအားလုံးတွင် အလွန့်အလွန်ဖြစ်သည့် ပိုကဲသော ရင်းနှီးမြှုပ်နှံခြင်း အခြေအနေကို ပြန်သွားနေသည်။

ယင်းက ကမ္ဘာကြီးအတွက် သည်းမခံနိုင်စရာ ဖြစ်သည်။ ယင်းက နောက်ဆုံးတွင် တရုတ်နိုင်ငံကိုယ်၌ အတွက်ပင်လျင် ပို၍ ပျက်စီးစေရန် ရှိနေသည်။

ယခု mercantilist (ပြည်ပပို့ကုန် တိုးပြီး ပြည်တွင်းသွင်းကုန် ကန့်သတ်မှု ဝါဒီ) ဆိုင်ရာ တဖက်သာလည်သည့်ဘီးကို အဆုံးသတ်စေရန် ရှီအနေဖြင့် လုပ်ဆောင်သွားလိမ့်မည် ဆိုပြီး မျှော်လင့်နေသူများအတွက်တော့ ပြီးခဲ့သည့်လ ပေကျင်း၏ ဗဟိုစီးပွားရေးလုပ်ငန်း ကွန်းဖရင့်က ပြင်းထန်သည့် ထိုးနှက်ချက်တခု ဖြစ်စေခဲ့သည်။

ယင်းအစား ကွန်းဖရင့်တွင် “အဟောင်းကို မဖျက်မီ အသစ်ကို ထူထောင်ခြင်း” ဆိုသည့် ၎င်း၏ မန္တာန်သစ်ဖြင့် မီးမောင်းထိုးပြရင်း နောက်ထပ် စက်မှုလုပ်ငန်းတည်ထောင်ခြင်းကို “အားသွန်ခွန်စိုက်” အားပေးသည့် ပြောစကားအများအပြားသာ ရှိခဲ့သည်။

ယခုနည်းလမ်းက “အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအပေါ် လွန်ကဲစွာ မှီခိုအားပြုသည့် အစဉ်အလာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ” ကို ဆုပ်ကိုင်ထားကြောင်း တရုတ်၏ ဈေးကွက်လိုလားသည့် အပတ်စဉ်ထုတ်သတင်းစာ The Economic Observer က မချိတင်ကဲ ပြောသည်။ ယင်းက စက်ရုံအလုပ်ရုံများ ပိုမို တည်ဆောက်ခြင်းနှင့် ကမ္ဘာသို့ တရားလွန်ဖြစ်သည့် ပေးသွင်းမှုများ အစွန်ထုတ်ရောင်းချခြင်း အဓိပ္ပါယ်ဖြစ်ကြောင်း ကြမ်းသည့် အသုံးအနှုန်းများဖြင့် ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုက ဂျီဒီပီ၏ ၄၂ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်းအထိ ရှိနေနှင့်ပြီးဖြစ်သည်ဟု ပတ်တစ်က ပြောသည်။ ဤမတိုင်မီက မျက်မှောက်ခေတ် စီးပွားရေးသမိုင်းတွင် မည်သည့် အဓိကနိုင်ငံမှ အဆိုပါ လယ်ဗယ်များနှင့် နီးစပ်ခဲ့ခြင်း မရှိပေ။ အခြားသော အာရှ စီးပွားရေးကျားများသည်လည်း ၎င်းတို့ ရင့်ကျက်ချိန်တွင် ပြန်လျော့ကျမှု မတိုင်မီ ၃၀ ရာခိုင်နှုန်းအောက်သာ အမြင့်ဆုံး ရောက်ခဲ့ကြသည်။

လာမည့်နှစ်ကုန်ပိုင်းတွင် တရုတ်သည် ၂၀၂၂ ခုနှစ်၏ ဆိုလာနှင့် ဘက်ထရီ ထုတ်ကုန်များအတွက် တကမ္ဘာလုံး ဝယ်လိုအားတခုလုံး၏ လေးဆဖြစ်ရန် လုံလောက်သော ဆိုလာနှင့်ဘထ္ထရီလုပ်နိုင်စွမ်းကို တည်ဆောက်သွားလိမ့်မည် ဖြစ်သည်။

တရုတ်တွင် တကမ္ဘာလုံး ဝယ်လိုအားကို သုံးဆကျော် ဖြည်းဆည်းပြည့်မီစေရန် လုံလောက်သော EV စက်ရုံ ရှိနေပြီးဖြစ်သည်။ ယခု အပိုအလျှံ ထောက်ပံ့ပေးသွင်းမှုက ပြင်းထန်သည့်ဂယက်အရှိန်နှင့်အတူ ပြိုင်ဆိုင်တိုက်ခိုက်သည့် ဈေးနှုန်းများဖြင့် နိုင်ငံခြားဈေးကွက်များကို ထိုးနှက်နေသည်။ ကားတင်ပို့မှုများက ဇန်နဝါရီမှ နိုဝင်ဘာလအထိ ကာလတွင် ၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ရှီကျင့်ဖျင်သည် artificial intelligence (AI) နည်းပညာ၊ အဆင့်မြင့် အီလက်ထရောနစ်ပညာ၊ လေယာဉ်၊ အာကာသယာဉ်၊ ဒုံးယာဉ် တည်ဆောက်မှုနည်းပညာနှင့် ဒစ်ဂျစ်တယ် နည်းပညာ (အကြွင်းမဲ့ ပါတီ ထိန်းချုပ်မှုအောက်တွင် ရှိချိန်) တို့ကို နှစ်သက်သည် ဆိုသော်လည်း သူသည် “အဟောင်း” ထုတ်ကုန်များဖြင့် ကမ္ဘာကို ဖုံးလွှမ်းနေစေဆဲ ဖြစ်သည်။

တရုတ်၏ သံမဏိ တင်ပို့မှုများသည် ယမန်နှစ်က မက်ထရစ်တန် သန်း ၉၀ နီးပါး ရှိခဲ့ရာ ယင်းသည် ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် စပိန်၏ စုစုပေါင်း ထုတ်လုပ်မှုပမာဏနှင့် ညီမျှသည်။ အပိုအလျှံဖြစ်မှုက ဗြိတိန်၏ သံမဏိလုပ်ငန်း ပြိုလဲမှုနှင့် နီးကပ်ခဲ့သည့် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရသော အလွန့်အလွန်ဖြစ်မှု အခြေအနေသို့ နီးကပ်လာသည်။

တရုတ်၏ လှည့်လည်စီးဆင်းငွေ ပိုလျှံမှုက တရားဝင်အားဖြင့် ဂျီဒီပီ၏ ၂ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သည်။ သင့်အနေဖြင့် အကောက်ခွန် ဒေတာများကို နှိုက်ချွတ်လေ့လာသိရှိမည်ဆိုပါက အမှန်တကယ် ပိုလျှံမှုက နှစ်ဆ မြင့်ကြောင်း နိုင်ငံခြားဆက်ဆံရေး ကောင်စီမှ ဘရတ်ဒ် ဆက်ဆာက ပြောသည်။

ထို့ပြင် တရုတ်၏ နိုင်ငံခြားအရန်သုံးငွေက ထုတ်ဖော်ကြေညာထားသည့် အမေရိကန်ဒေါ်လာ သုံးထရီလီယံ (ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံ) ထက် ပိုလွန်သည်။ ယင်းက အမေရိကန်ဒေါ်လာ ခြောက်ထရီလီယံနှင့် ပိုမိုနီးကပ်နေသည်။ များပြားသော ငွေပမာဏများကို အစိုးရဘဏ်များမှတဆင့် ပြည်ပတွင် ထားရှိထားသည်။ ယင်းက ယွမ်ငွေကို ချုပ်ထိန်းပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် တရုတ်ကို အပိုဆောင်းနှာတဖျားပိုသာစေသည်။

တရုတ်အနေဖြင့် ငွေကြေးဈေးကစားခြင်းအတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စောင့်ကြည့်မှုကို တက်တက်ကြွကြွ တိမ်းရှောင်သည်ဖြစ်စေ၊ မရှောင်သည်ဖြစ်စေ၊ ယင်း၏ စီးပွားရေးသည် လက်ရှိတွင် အလွန်ပင် ကြီးမားနေပြီး ယင်း၏ အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံရှိ နှစ်စဉ် ကုန်ပစ္စည်း အပိုအလျှံဖြစ်မှုက လှေငယ်တစီးပေါ်မှ ဆင်တကောင်ကဲ့သို့ပင် ကမ္ဘာ့ကုန်သွယ်ရေးကို မတည်မငြိမ်ဖြစ်စေလျက် ရှိသည်။

ပြီးခဲ့သည့် လများအတွင်းက တရုတ်၏ ပို့ကုန်များသည် ဒေါ်လာ အားဖြင့် အားနည်းခဲ့သော်လည်း ပမာဏအားဖြင့် အားကောင်းခဲ့သည်။ ကုမ္ပဏီလုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ ဝေစုကို ရရှိရန်အတွက် နှုန်းထားများ လျှော့ချခြင်းအားဖြင့် ပြည်တွင်းတွင် လုပ်ငန်းမကောင်းသည့်အချိန်ကို လွတ်အောင် ရှောင်တိမ်းနေကြသည်။ တနည်းအားဖြင့် နိုင်ငံသည် ကြီးမားသည့် အတိုင်းအတာတခုဖြင့် ယင်း၏ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများ၏ တန်ဖိုး ကျဆင်းမှုကို တင်ပို့နေသည်။

တရုတ်၏ ပို့ကုန်ဈေးနှုန်းများက ပြီးခဲ့သည့်နှစ်တွင် ယွမ်ငွေအားဖြင့် ခြောက်ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာအားဖြင့် ၁၂ ရာခိုင်နှုန်း၊ ယူရိုအားဖြင့် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဥရောပဗဟိုဘဏ်က ပြောသည်။ ယင်းက ဥရောပအတွက် ကြီးလေးသည့် ကုန်သွယ်မှု ရှော့(ခ်) တခုအဖြစ်သို့ ရောက်ရှိစေသည်။ အမေရိကသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပိုမို မြန်ဆန်ခဲ့သည်။

တရုတ်သည် လက်ရှိတွင် ဘယ်သူမပြု မိမိမှုဆိုသလိုပင် အန္တရာယ်ရှိစေသော တုံ့ပြန်ချက် ကွင်းဆက်တခုထဲတွင် ရောက်နေသည်။ ယခုနောက်ဆုံး PMI (အဝယ်မန်နေဂျာများ အညွှန်းကိန်း) စစ်တမ်းများအရ တရုတ်ကုမ္ပဏီများသည် အမှာစာသစ်များ ကျဆင်းသဖြင့် တန်ဖိုးနှုန်းထားများကို ထပ်မံ လျှော့ချနေသည်ကို ပြသနေသည်။

တရုတ်အစိုးရသည် မကောင်းသည့် ဟန်ချက်တခုမှ ချိုးဖျက်ဖောက်ထွက်ရန် လုံလောက်မှု မရှိဘဲ စီးပွားရေးကို ဆက်လက် ကြွေးမြီကင်းရှင်းစေရန်သာ လုံလောက်သည့် လှုံ့ဆော်မှုမျှကိုသာ လုပ်ဆောင်နေကြောင်း ANZ ဘဏ်မှ ရေမွန် ယန်းက ပြောသည်။ “စီးပွားရေးစက်ဝန်းမှာ အတက်အကျပြင်းထန်မှုကို နည်းစေဖို့ ကြိုးပမ်းတဲ့ မူဝါဒ အစီအမံတွေနဲ့ ပိုမိုအားကောင်းတဲ့ ဆေးတခု လိုနေတာက ရှင်းလင်းပါတယ်” ဟု ၎င်းက ပြောသည်။

ယန်းက ယခုနှစ်အတွက် အမှန်တကယ် ဂျီဒီပီ တိုးတက်မှုကို ၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမည်ခံ ဂျီဒီပီကို ၃ ဒသမ ရာခိုင်နှုန်းသာအဖြစ် ခန့်မှန်းသည်။

တရုတ်သည် သင်္ချာပိုင်းခြေ သက်ရောက်မှုအရ ကြွေးမြီအချိုးကို ကျိုးကြောင်းဆက်စပ်စွာ မြင့်တက်စေရင်း ငွေကြေးပိုင်းအရ အတိုးနှုန်းစရိတ်များက ထုတ်လုပ်မှုထက် ပိုမိုမြန်ဆန်စွာ မြင့်တက်သည့် ကြွေးမြီအစစ်အမှန်တန်ဖိုး မြင့်တက်မှုကို ဖြစ်စေသော ထောင်ချောက်တခုထဲ သက်ဆင်းရမည့် ဘေးအန္တရာယ်အလားအလာတွင် ရှိနေသည်။ တရုတ်၏ ဒေသအစိုးရများသည် ဒေါ်လာ ၈၅၀ ဘီလီယံရှိ နှစ်စဉ် ချေးငွေအတိုးပေးမှု စရိတ်များနှင့် ရင်ဆိုင်နေရသည်။

တရုတ်သည် စီးပွားရေးကို တန့်အေးနေမှု အခြေအနေမှ ဆွဲထုတ်ရန် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နာလန်ထူမှုအပေါ် လောင်းကြေးထပ်မည်ဟု ထင်ရသည်။ ဤအချိန်အတောအတွင်း တရုတ်သည် ဝါဒဖြန့်ဌာနကို ဆော်ဩစည်းရုံးနေသလို စီးပွားရေးနှင့်ပတ်သက်ပြီး စန်းတင်ရန် ဂျာနယ်လစ်များ၊ ဘဏ္ဍာရေး ဘလော့ဂါများနှင့် ပညာတတ်ပုဂ္ဂိုလ်များကို ခြိမ်းခြောက်နေသည်။

တရုတ်သည် မည်သည့်အတွက်ကြောင့် များစွာ ရင်းနှီးမြှုပ်နှံသလဲ ဆိုသည့်အကြောင်းရင်းမှာ နိုင်ငံရှိ မိသားစုများက အရူးအမူး ခြိုးခြံချွေတာခြင်းကြောင့် မဟုတ်ပေ။ သို့သော် ပြည်သူတို့သည် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ ပုံစံဖြင့် အကြီးအကျယ်စုဆောင်းကြသည်။ ဝင်ငွေအလယ်အလတ်တန်းစားတို့သည် အလွန်ကြီးကျယ်အရေးပါသော စိတ်ဓာတ်ကျမှု လက်ရှိ အနေအထားဖြင့် ငွေများကို စုဆောင်းသိမ်းဆည်းနေကြသည်။

ယင်းက လီနင်ဝါဒီ အရင်းရှင်ဝါဒ ဖွဲ့စည်းပုံနှင့် ဧရာမ နိုင်ငံပိုင်လုပ်ငန်းကြီးများ၏ အခန်းကဏ္ဍမှ အစပြုသည်။ ရှီကျင့်ဖျင်အနေဖြင့် အဆိုပါ ဧရာမလုပ်ငန်းကြီးများကို ချုပ်ကိုင်ခြင်းမှ ဖြေလွှတ်ပေးရန် ဆန္ဒမရှိဘဲ ယင်းမှာ ၎င်းတို့သည် ပါတီ အားပေးမှုနှင့် ထိန်းချုပ်မှုအတွက် အဓိကအစိတ်အပိုင်းတခုဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ပြောရမည်ဆိုလျင် ယင်းတို့ကို ရှီက ပြန်လည်ဖော်ထုတ်နေသည်။

တရုတ်နိုင်ငံ ဆန်းသစ်တီထွင်ခြင်းသည် အစိုးရမှ ပြည်သူများသို့ ငွေကြေးအများအပြား လွှဲပြောင်းခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စွဲလမ်းမှုကို ချိုးဖျက်ရန် လိုအပ်ကြောင်း ပါမောက္ခ ပတ်တစ်က ပြောသည်။ ယင်းက ပါတီ အတွေးအမြင်စနစ်၊ ထိန်းချုပ်မှုတို့နှင့် သဟဇာတမဖြစ်ပေ။

တရုတ်အနေဖြင့် လက်ရှိ ဗျူဟာကို ဆုပ်ကိုင်ထားပါက အကျိုးဆက်နှစ်ခု ရှိလိမ့်မည် ဖြစ်သည်။ တခုက တရားလွန် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများက တရုတ်၏ ကြွေးမြီအချိုးကို ဆယ်စုနှစ်တစုအတွင်း ဂျီဒီပီ၏ ၃၀၀ ရာခိုင်နှုန်းမှ ၄၅၀-၅၀၀ ရာခိုင်နှုန်းသို့ တွန်းပို့လိမ့်မည် ဖြစ်ပြီး အကျပ်အတည်းတခုကို ရုတ်တရက် ဖြစ်စေမည် ဖြစ်သည်။ နောက်တခုက ထိုသို့ မဖြစ်မီ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲတခု ဖြစ်လိမ့်မည် ဖြစ်ပြီး ယင်းကလည်း အကျပ်အတည်းတခုကို ရုတ်တရက် ဖြစ်စေမည် ဖြစ်သည်။

Mercantilist ကို ဆန့်ကျင်သော တပ်ဦးတခု ဖွဲ့စည်းခြင်း သို့မဟုတ် အစုအဖွဲ့အုပ်စုများအဖြစ် ခွဲခြင်း အားဖြင့် ကမ္ဘာကြီးက ယင်းဘာသာ ကာကွယ်လိမ့်မည် ဖြစ်သည်။