ပြင်သစ်မှာ ဆန္ဒပြတဲ့သတင်းမှာ ပုံဟောင်းတွေရောနှောပါဝင်နေ

JC
မဇ္ဈိမ။ ။ ပြင်သစ်မှာ ဆန္ဒပြပွဲ ဖြစ်ပေါ်နေပြီး အဲ့ဒီဆန္ဒပြပွဲကို နှိမ်နှင်းဖို့ အစိုးရက စစ်တပ်ကိုသုံးပြီး ဖြေရှင်းတော့မယ်ဆိုတဲ့သတင်း ပျံ့နေပါတယ်။ ဒီသတင်းထဲမှာ ပုံဟောင်းတွေ ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။

“Global News” ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ဇန်နဝါရီ ၃၀ ရက်နေ့မှာ “ဒါကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ပိတ်ဆို့ဆန္ဒပြနေတဲ့ ယာဉ်မောင်းကားတွေ အခြေအနေဖြစ်ပါတယ်။ အခုအခါမှာ ပြင်သစ်အစိုးရဟာ အဲဒီအရေးအခင်းကို ကိုင်တွယ်ဘို့ စစ်တပ်ကို အသုံးပြုတော့မှာပါ။ သံချပ်ကာယာဉ်တွေ ပဲရစ်မြို့ထဲ ထွတ်လာနေပါပြီ” (မူရင်းအရေးအသားအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပုံနဲ့ ဖော်ပြခဲ့ပါတယ်။ ပုံအောက်က မှတ်ချက်တွေထဲမှာလည်း “မြန်မာနဲ့အတူတူပါပဲ ဆန္ဒပြတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အကြမ်းဖက်မှုတွေပါလာပြီ“၊ “ဝဋ်လည်ပြီ” လို့ ရေးထားကြပါသေးတယ်။ ဒီသတင်းကို တခြားဖေ့ဘုတ်စာမျက်နှာတွေမှာလည်း ပြန်လည်ဖြန့်ဝေတာတွေရှိသလို “Thurain Min Khant” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်မှာလည်း ပြန်လည်ဖြန့်ဝေထားပါတယ်။

မဇ္ဈိမကနေ ဒါနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးတဲ့အခါမှာ ပုံဟောင်းတွေရောနှောပါဝင်နေတာကို တွေ့ရပါတယ်။
ပုံတွေကို စစ်ဆေးတဲ့ Yandex ၊ Tin Eye နဲ့ Google Image Search စတဲ့ ဝက်ဆိုဒ်တွေမှာ ပထမဆုံးပုံကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ဧပြီလအတွင်း ပြင်သစ်နိုင်ငံမှာ ဥရောပလယ်ယာမြေဥပဒေရဲ့ လုပ်ခလစာ ဖြတ်တောက်မှုကို ကန့်ကွက်ဆန္ဒပြပွဲတုန်းက ပုံပါ။ ပုံရဲ့ရေစာမှာ alamy ဆိုတဲ့ စာသားပါဝင်ပြီး Alamy ဝက်ဆိုဒ်မှာလည်း အဲ့ဒီပုံကို ၂၀၁၀ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ပြင်သစ်လယ်သမားဆန္ဒပြပွဲမှာ ရိုက်ခဲ့တဲ့ပုံဖြစ်ကြောင်း ဖော်ပြထားပါတယ်။
လင့် – t.ly/wLxD1

ဒုတိယပုံဖြစ်တဲ့ ကားမီးလောင်နေတဲ့ပုံကို စစ်ဆေးခဲ့တာမှာ ၂၀၁၅ ခုနှစ်တုန်းက ဆန္ဒပြပြင်သစ်လယ်သမားတွေ အစိုးရဆီကနေ ယူရို သန်း ၆၀၀ ကျော်ရရှိဆိုတဲ့ သတင်းမှာ သုံးထားတဲ့ ဓါတ်ပုံပါ။ ဒီသတင်းတွေကို “Farmer weekly” နဲ့ “MENA FN” ဆိုတဲ့ ဝက်ဆိုဒ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၅ ဇူလိုင်လ ကတည်းက ဖော်ပြထားကြပါတယ်။ လက်ရှိဖြစ်နေတာမဟုတ်ပါဘူး။
လင့် – t.ly/yivmY , လင့် – t.ly/0uUJS

ကျန်တဲ့ပုံနှစ်ပုံကတော့ လတ်တလော ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲက ပုံတွေပါ။ Reuters သတင်းဌာနကနေ ဇန်နဝါရီ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ သတင်းမှာပါဝင်တဲ့ ပုံတွေပဲ ဖြစ်ပါတယ်။
လင့် – t.ly/Ci_f8

ပြင်သစ်မှာ လယ်သမားတွေကို စိုက်ပျိုးရေး ဒီဇယ်ထောက်ပံ့ကြေးတွေ ဖြတ်တောက်တာကြောင့် ဇန်နဝါရီလ ၁၆ ရက်နေ့က စလို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာပါ။ လင့် – t.ly/Q9ulq

ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြင်သစ်လယ်သမားတွေက မြို့တော ပါရီ နဲ့ နိုင်ငံ မြောက်ပိုင်းက လီလီမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို ပိတ်ဆို့ ဆန္ဒပြခဲ့တယ်လို့ မြန်မာပြည်တွင်း သတင်းဌာနတချို့ကလည်း ဖော်ပြထားပါတယ်။
လင့် https://www.dvb.no/post/635868 , လင့် – t.ly/7ijhC

ဒါကြောင့် လတ်တလော ပြင်သစ်နိုင်ငံမှာ ဆန္ဒပြပွဲ ဖြစ်ပွားနေပေမယ့်လည်း ပြင်သစ်အစိုးရက သံချပ်ကာနဲ့ စစ်တပ်ကို အသုံးပြုတယ်ဆိုတာ ချဲ့ကားဖြန့်ဝေထားတာဖြစ်ပြီး အရင်တုန်းကပုံတွေနဲ့ ရောနှောဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်ရှင်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။