ပဲခူးတိုင်းအရှေ့ခြမ်းက တိုက်ပွဲတွေကြောင့် ဒေသခံအချို့ ထိုင်းနိုင်ငံသို့ထွက်ပြေးနေရ

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၁၇၀လောက်က ထိုင်းနိုင်ငံမဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။

ပဲခူးတိုင်အရှေ့ခြမ်းက ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဖြူး နှင့်မုန်း မြို့နယ်များမှ တိမ်းရှောင်လာကြတာဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတာပါ။ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်လက်နက်ကြီးတွေကြောင့် သေဆုံးခဲ့ရသူတွေလည်းရှိပါတယ်။ ဇန်နဝါရီလ ၁ ရက်ကနေ ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ KNUဘက်က ထုတ်ပြန်ထားပါတယ်။

အခုတော့ ဒေသခံတွေက ပြေးလွှားနေရပြီး အချို့က ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုရောက်ရှိလာတာပါ။ ဒီထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ နို့စို့အရွယ်ကလေးငယ်တွေ အမျိုးသမီးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ဆွေမျိုးတွေရှိပေမယ့် နေထိုင်စားသောက်ဖို့အခက်အခဲရှိကြသူတွေလည်း ရှိတယ်လို့ကူညီပေးနေသူတွေထံကနေ သိရပါတယ်။