တရုတ်ကို စိတ်မသက်မသာဖြစ်စေသည့် အိန္ဒိယ-ထိုင်ဝမ် ဆက်ဆံရေး

ထိုင်ဝမ်နှင့် အိန္ဒိယ၏ အလံများ- Credits: ekavector/shutterstock

The Print

အိန္ဒိယနှင့် ထိုင်ဝမ်သည် ၎င်းတို့အကြား ဆက်ဆံရေးကို တချိန်က ပုံဆောင်သော ပြတ်တောင်းပြတ်တောင်း သဘောသဘာဝကို ကျော်လွန်ရွေ့လျားပြီး ဆက်ဆံရေး တိုးမြှင့်ရန် တက်တက်ကြွကြွလုပ်ဆောင်လျက်ဖြင့် မကြာသေးသည့် ကာလများအတွင်း နှစ်ဘက်အကြား ဆက်ဆံရေးကို မြှင့်တင်ရန် ရေရှည်ထိန်းထားနိုင်သော ကြိုးပမ်းမှုများကို လုပ်ဆောင်ထားသည်။ အိန္ဒိယ၏ ထိုင်ဝမ်ဆိုင်ရာ မူဝါဒပိုင်း ပြောင်းလဲတိုးတက်မှု၏ အခရာဖြစ်သော အခိုက်အတန့်က ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်ခဲ့ပြီး ယင်းသည် အိန္ဒိယ-တိုင်ပေ အသင်းအဖွဲ့နှင့် တိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုစင်တာအကြား အလုပ်သမား သဘောတူညီချက်တခု လက်မှတ်ရေးထိုးမှုပင်ဖြစ်သည်။ ထိုရုံးများသည် တိုင်ပေနှင့် နယူးဒေလီတွင် နိုင်ငံများ၏ တရားဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ရှိလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော သံရုံးများအဖြစ် ထမ်းဆောင်မည်ဖြစ်သည်။

အချိန်ရှည်ကြာစွာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည့် ယခု သဘောတူညီချက်အရ အိန္ဒိယအလုပ်သမားများကို ထိုင်ဝမ်တွင် အလုပ်အကိုင် ရှာဖွေခွင့်ရစေမည် ဖြစ်သည်။ ထိုင်ဝမ်သည် ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးကဲ့သို့ နယ်ပယ်ကဏ္ဍများတွင် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

ထိုင်ဝမ်နှင့်ပတ်သက်၍ အိန္ဒိယ၏ ချဉ်းကပ်မှုက ဆက်လက်ရင့်သန်လာခြင်းနှင့်အတူ ဆက်စပ်လွှမ်းခြုံနေသော ရည်မှန်းချက်က ယခု အပေါင်းလက္ခဏာဆောင်သည့် အရှိန်အဟုန်ကို ဆက်ထိန်းထားစေနိုင်ပြီး ၎င်းတို့၏ အလွတ်သဘော ဆက်ဆံရေး၏ မူဘောင်အတွင်း လွှမ်းခြုံသည့် နယ်ပယ်အသီးသီး၌ ပိုမို နက်ရှိင်းသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ပျိုးထောင်ပေးမည် ဖြစ်သည်။

အလုပ်သမား ကတိကဝတ်သဘောတူညီချက်ကို ထိုင်ဝမ်လွှတ်တော်တွင် စေ့စေ့စပ်စပ် လေ့လာသုံးသပ်ရန် လက်ရှိတွင် ရက်သတ်မှတ်ထားသည်။ ထိုသဘောတူညီချက်သည် ယင်း၏ အထိမ်းအမှတ်ဖြစ်သည့် အရေးပါမှုကို ကျော်လွန်လျက်ဖြင့် ကော်မာရှယ် အချိတ်အဆက်များကို အားကောင်းစေရာတွင် အလွန်ကြီးမားသည့် အလားအလာ ရှိသလို ပြည်သူအချင်းချင်းအကြား ပိုမိုနီးကပ်သည့် ဆက်သွယ်မှုတို့ကို အားပေးမြှင့်တင်ပေးရာရောက်မည်ဖြစ်သည်။

နှစ်ဦးနှစ်ဘက် အကျိုးပြုသော ဆက်ဆံရေး
လက်ရှိတွင် ထိုင်ဝမ်၌ ရောက်ရှိနေထိုင်သည့် လူဦးရေ ၅,၀၀၀ ခန့် ရှိသည့် ပြည်ပရောက် အိန္ဒိယ အသိုက်အဝန်းသည် အဓိကအားဖြင့် ကော်လံဖြူ ဉာဏလုပ်သား ကျွမ်းကျင်သက်မွေးမှုအလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်။ ယခု သဘောတူညီချက်က အိန္ဒိယသားများအတွက် ကော်လံပြာ ကာယလုပ်သား အလုပ်အကိုင် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးမည် ဖြစ်သည့်အတွက် ယင်းက ထိုင်ဝမ်ရှိ အိန္ဒိယဦးရေကို အထူးတလည် တိုးမြင့်စေမည့် အလားအလာတခု ရှိစေသည်။ အဆိုပါ ဒီမိုဂရပ်ဖစ် အရွေ့ (အပြောင်း) က ပြည်သူအချင်းအချင်းအကြား ဆက်ဆံမှုကို နက်ရှိုင်းစေမည့် အလားအလာ ရှိစေရုံတင်မကဘဲ ထိုင်ဝမ်၌ အိန္ဒိယအစိုးရ၏ အကျိုးစီးပွားကိုပါ မြင့်တက်စေနိုင်သည်။

ထိုင်ဝမ်တွင် သိသာထင်ရှားသည့် လုပ်သားလိုအပ်မှုတရပ်နှင့် နပန်းလုံးနေရသလို ယင်းအပေါ် ကလေးမွေးဖွားမှုနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးလူဦးရေ များပြားခြင်းတို့က ပိုမိုဆိုးဝါးစေသည် ဖြစ်ရာ ယခု အလုပ်သမားသဘောတူညီချက်က အပူတပြင်းဖြစ်‌နေသော ဒီမိုဂရပ်ဖစ် စိန်ခေါ်မှုများကို လျော့ပါးစေရာတွင် အရေးပါစေမည် ဖြစ်သည်။

တရုတ်ခြိမ်းခြောက်မှုနှင့် ပတ်ရံထားသည့် စိန်ခေါ်မှုများကြောင့် အဓိကအားဖြင့် လွှမ်းမိုးခံထားရသည့် ထိုင်ဝမ်၏ သိမြင်နိုင်သော ဘေးအန္တရာယ်များမှု အခြေအနေနှင့်ပတ်သက်သော စိုးရိမ်ကြောင့်ကြမှုများက အိန္ဒိယနိုင်ငံသားအများအပြားတွင် နေသားတကျ ဆက်ရှိနေသည်။ သို့သော် ကြိုတင်မျှော်မှန်းသလို ထိုင်ဝမ်ရှိ အိန္ဒိယနိုင်ငံသား ဦးရေ တိုးပွားမှုက အိန္ဒိယ၌ ကျွန်းနိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ အကျွမ်းတဝင်ဖြစ်မှုကို အားပေးမြှင့်တင်မည့် အလားအလာကို ဖြစ်ပေါ်စေသည်။ အဆိုပါ ကိုယ်တွေ့ ထိတွေ့ခြင်းက ရှိရင်းစွဲ နားလည်မှုလွဲခြင်းတို့ကို လွင့်ပြယ်ပပျောက်စေမည့် အလားအလာ ရှိသလို အိန္ဒိယနိုင်ငံသားများအကြား ထိုင်ဝမ်၏ ပထဝီနိုင်ငံရေးဆိုင်ရာ ခက်ခဲရှုပ်ထွေးမှုများနှင့်ပတ်သက်၍ ပိုမို၍ သိမ်မွေ့ကွဲပြားသော နားလည်သဘောပေါက်မှုကို ပြုစုပျိုးထောင်ပေးမည့် အလားအလာလည်း ရှိသည်။

အိန္ဒိယ-ထိုင်ဝမ် ဆက်ဆံရေး၌ တရုတ်ဆိုင်ရာ အကြောင်းရင်း
ပျံ့နှံ့ဖြစ်ပေါ်နေသော ထိုအကြောင်းရင်း ဇာတ်ကြောင်းက မကြာခဏဆိုသလို အိန္ဒိယ-ထိုင်ဝမ် ဆက်ဆံရေးကို ယိုယွင်းဆိုးရွားနေသည့် အိန္ဒိယ-တရုတ် ဆက်ဆံရေးနှင့် ချိတ်ဆက်သည်။ သို့သော် အဆိုပါ အကြောင်းအချက်က ဩဇာလွှမ်းသည်ဟု စဉ်းစားနိုင်သည် ဆိုသော်လည်း အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒကို ယင်း၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြင့် လမ်းပြသည် ဆိုသည့်အချက်ကို အသိအမှတ်ပြုလက်ခံရန် အရေးကြီးသည်။ ယင်းက နားလည်သဘောပေါက်ရန် ခက်ခဲသည်ဟု တချို့က ထင်မြင်ကောင်း ထင်မြင်နိုင်သော်လည်း အိန္ဒိယသည် တရုတ်နှင့် ဆက်နွယ်ပတ်သက်သည့် ထည့်တွက်စဉ်းစားရမည့် အချက်များကို တုံ့ပြန်လျက်ဖြင့် ယင်း၏ဆုံးဖြတ်ချက်အားလုံးကို ချမှတ်ခြင်း မရှိပေ။

အိန္ဒိယ-တရုတ်အကြား ဆက်ဆံရေး၏ တင်းမာသော အခြေအနေနှင့် အဆိုပါ ခက်ခဲသော အနေအထားကို စီမံခန့်ခွဲရန် ကြိုးပမ်းမှုများကို ထောက်ဆရပါက နယူးဒေလီသည် တိုင်ပေနှင့် ဆက်ဆံပတ်သက်မှုနှင့် ပေကျင်းနှင့် ပဋိပက္ခဆန်သော ဆက်ဆံရေးတို့အကြား သိမ်မွေ့သည့် ဟန်ချက်တခုကို ထိန်းထားရန် ကြိုးပမ်းလျက် ရှိသည်။ လက်ရှိတွင် အိန္ဒိယသည် ထိုင်ဝမ်နှင့် အစဉ်အလာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ဧရိယာများကို မြှင့်တင်ခြင်းကို ဦးစားပေးသတ်မှတ်လုပ်ဆောင်လျက် ရှိသည်။

တချိန်တည်းတွင် အိန္ဒိယနှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးတွင် ထုတ်မသုံးရသေးသော အလားအလာ အတော်အသင့် ရှိနေသည်။ အထူးသဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်လောကတွင် ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှု၏ စီးပွားရေး ရှုထောင့်ကို အဓိကအားဖြင့် ထိုင်ဝမ်ဘက်မှ ဦးစားပေးသတ်မှတ်ရန် ပျက်ကွက်ခြင်းက နှစ်ဦးနှစ်ဘက် ဆက်ဆံရေး၏ အလုံးစုံ တိုးတက်မှုကို ကြန့်ကြာ အဟန့်အတားဖြစ်စေနိုင်သည်။

တရုတ်၏ လုပ်ကြံသတင်း ဖန်တီးမှု ကမ်ပိန်း၏ အရိပ်
အိန္ဒိယနှင့် ထိုင်ဝမ် အကြား ပို၍ ပို၍ အပေါက်အလမ်းတည့်၊ အစေးကပ်လာခြင်းက တရုတ်အတွက် စိန်ခေါ်မှုတခု ဖြစ်စေသည်။ နယူးဒေလီသည် ပေကျင်းအတွက် ဟန်ချက် ချိန်ညှိမှုတခုအဖြစ် မကြာခဏ ရှုမြင်ခံရသလို ယင်းသည် Quad အုပ်စု (ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်တို့နှင့် အဖွဲ့အုပ်စု) ၏ အရေးပါသော အဖွဲ့ဝင်တနိုင်ငံလည်း ဖြစ်နေသည်။ ပင်ကိုအားဖြင့် တရုတ်တွင် အိန္ဒိယနှင့် ထိုင်ဝမ်အကြား ပိုမိုနက်ရှိုင်းလာ‌သော ဆက်ဆံမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုတို့ ရှိကောင်း ရှိနေနိုင်သည်။ ပြည်ပ (ပြင်ပ) ဆက်ဆံပတ်သက်မှုတို့ကို တခုမက ခွဲထုတ်လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် ထိုင်ဝမ်သည် တရုတ်အပေါ် မှီခိုရမှုကို လျှော့ချရန် ရည်ရွယ်လျက်ဖြင့် ယင်း၏ မိမိနေရာဒေသကို ကျော်၍ ကမ်းလင့်မှုကို ချဲ့ထွင်ထားသည်။ ထိုင်ဝမ်နှင့် အိန္ဒိယ၏ ဆက်ဆံပတ်သက်မှုက အရေးပါသော စီးပွားရေး မိတ်ဖက်ပါတနာတဦးအဖြစ် နိုင်ငံကို အသိအမှတ်ပြုသည့် ယင်း၏ တသမတ်တည်းသော လုပ်နည်းကိုင်နည်းနှင့် ကိုက်ညီပေါင်းစည်းနေသည်။

တရုတ်အနေဖြင့် အိန္ဒိယ-ထိုင်ဝမ် ဆက်ဆံရေးအပေါ် တိုက်ရိုက် လွှမ်းမိုးခြင်း သို့ဟုတ် အလုပ်သမား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို တွန်းအားပေးခဲ့ခြင်း မရှိသော်လည်း တရုတ်သည် သဘောတူညီချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးသဘော သက်ဝင်ခြင်းတွင် ဆက်လက်တွယ်ငြိ ရစ်ပတ်နေသည်။ ယမန်နှစ်က အတည်မပြုနိုင်သော ပြောဆိုချက်များအရ အလုပ်သမား သဘောတူညီချက်စာချုပ်ကြောင့် အိန္ဒိယရွှေ့ပြောင်းအလုပ်သမား ၁၀၀,၀၀၀ ခန့် ထိုင်ဝမ်သို့ အလုံးအရင်းဖြင့် စုပြုံရောက်ရှိသည်ဟု ဖော်ပြနေခဲ့သည်။ ယင်းက သဘောတူညီချက်အပေါ် ပျံ့နှံ့ပေါ်ပေါက်သည့် အွန်လိုင်း ဆန္ဒပြမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ သိသာထင်ရှားစွာဖြင့်ပင် အဆိုပါ ဆန္ဒထုတ်ဖော်ကန့်ကွက်မှု အများအပြားက တရုတ်နှင့် ဆက်နွယ်ပတ်သက်သည့် ရင်းမြစ်များထံမှ အစပြုပေါ်ထွက်ခဲ့ပုံရသည်။

ထိုအရေးကိစ္စကို တရုတ် သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသီးသီးတွင် အကြီးအကျယ်အားဖြင့် နိုင်ငံရေးသဘောသက်ဝင်စေခဲ့သည်။ ထိုင်ဝမ်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) သည် အလုပ်သမား သဘောတူညီချက်နှင့်ပတ်သက်ပြီး ထိုင်ဝမ်လူထုကို အထင်အမြင်မှားစေရန် လှည့်စားနေသည် ဆိုပြီး တရုတ်၏ The Global Times သတင်းစာက စွပ်စွဲသည်။ ထိုင်ဝမ် ပြည်သူများ၊ အထူးသဖြင့် TikTok ကဲ့သို့ ပလက်ဖောင်းများနှင့် အခြားသော အငြင်းအခုံဖြစ်သော ရင်းမြစ်များနှင့် ထိတွေ့သူများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် သတင်းအမှား ဖြန့်ရန် မတရားသဖြင့် ချိုးနှိမ်ပြောဆိုသည့် မှတ်ချက်စကားများကို ဖြန့်ကျက်အသုံးချမှုတို့ ရှိခဲ့သည်။ ဥပမာအားဖြင့် အလုပ်သမား သဘောတူညီချက်သည် ထိုင်ဝမ်အမျိုးသမီးများနှင့် အိန္ဒိယအမျိုးသားများအကြား လူမျိုးမတူသူနှင့် ထိမ်းမြားခြင်းကို အားပေးခြင်းအားဖြင့် တရုတ်မျိုးရိုးမျိုးနွယ်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်ကို ဆုတ်ယုတ်လျော့ပါးစေမည့် ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတခုပင်ဖြစ်ကြောင်း Weibo အကောင့်တခုက စောင်းပါးရိတ်ခြည် ရေးသားပြောဆိုခဲ့သည်။

တရုတ်၏ လုပ်ကြံသတင်းဖန်တီးမှု ကမ်ပိန်း၏ ရှည်လျားသော အရိပ်က ထိုင်ဝမ်အပေါ်တွင်သာမက အိန္ဒိယနှင့် နိုင်ငံ၏ ဆက်ဆံရေးအပေါ်တွင်မှာပါ စိုးမိုးလျက် ရှိပြီး ယင်းက အလုပ်သမား သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ဖြစ်ပေါ်ခဲ့သော နှောင့်နှေးကြန့်ကြာမှုတွင် ထင်ရှားပေါ်လွင်နေသည်။
လုပ်ကြံသတင်းဖန်တီးမှုကို ပျံ့နှံ့စေရန် တရုတ်၏ စုပေါင်းအားထုတ်မှုက အိန္ဒိယ-ထိုင်ဝမ်အကြား ဆက်ဆံရေးတွင် ရရှိထားသော တိုးတက်မှုတို့ကို သပ်လျှိုနိုင်သည်။ အဆိုပါ နည်းလမ်းဗျူဟာများကို ထိထိရောက်ရောက် တန်ပြန်ရေးအတွက် အိန္ဒိယနှင့် ထိုင်ဝမ်အနေဖြင့် မဟာဗျူဟာကျ တုံ့ပြန်မှုများကို ဖန်တီးလုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။ အိန္ဒိယ၏ ပြည်ပဆိုင်ရာ ဆက်ဆံပတ်သက်မှုတို့နှင့်ပတ်သက်၍ တရုတ်အနေဖြင့် ဩဇာအမိန့် မပေးသင့်ပေ။ ဆုံးဖြတ်ချက် ချမှတ်မှုတွင် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းခြင်းက ပဓာန ကျပြီး အိန္ဒိယနှင့် ထိုင်ဝမ် အနေဖြင့် လုပ်ကြံသတင်း ဖန်တီးမှုကို တိုက်ဖျက်ရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ပြည်ပ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်အတွက် အတူတကွ လုပ်ဆောင်ကြရလိမ့်မည် ဖြစ်သည်။

(The Print တွင် ဖော်ပြသည့် India-Taiwan relations are making China uneasy. So it’s turning to disinformation ကို ဘာသာပြန်ဆိုသည်)