ပခုက္ကူတွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၊ မြို့ပတ်လည်တွင် ကာကွယ်ရေးတပ်ဖွဲ့များစိုးမိုးနိုင်ဟုဆို

ရွှေနွယ်

(မဇ္ဈိမ) ။ ။ မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်တွင် ရေစကြိုဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီ၏ ယာဉ်တန်းအား Young Force UG တပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ယနေ့ ဇန်နဝါရီလ ၁၉ရက် ညပိုင်းတွင် တပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ယာဉ်တန်းတွင် ရိက္ခာကားနှင့် လုံခြုံရေးယာဉ်အချို့ပါဝင်လာကြောင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားနှစ်စီးပျက်စီးမှုရှိကြောင်း Young Force UG ၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျန်ကားများမှာ ပခုက္ကူစက်မှုဇုန်ဂိတ်သို့ပြန်လှည့်သွားကြောင်းသိရသည်။ မိုင်းဆွဲမှုအတွင်း ပျက်စီးထိခိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကိုမူ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုထုတ်ပြန်ချက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပခုက္ကူမြို့လေဆိပ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်းတွေ့ရှိရသည်။ ပခုက္ကူလေဆိပ်သည် မြို့အထွက် အရှေ့မြောက်ဘက် ရေစကြိုမြို့သို့ သွားရာလမ်းတွင်တည်ရှိနေခြင်းဖြစ်သည်။

“ပတ်ပတ်လည်ကတော့ ကိုယ့်လူတွေအကုန်ရောက်ပြီ။ ပြီးခဲ့တဲ့ ခြောက်လလောက်စပြီးအကုန်စီးနိုင်တာ။ မြို့ထဲကိုတော့ မဝင်နိုင်သေးဘူး။ သူတို့ဘက်က စစ်ကြောင်းထိုးပြီဆိုရင် အပေါ်က လေယာဉ်နဲ့လာကြဲတာ။ သူတို့စစ်ကြောင်းထိုးပြီဆိုရင် ကျွန်တော်တို့က အပေါ်ကဗုံးနဲ့ချတယ်။ သူတို့ကပြန်ဆုတ်တယ်။ အဲ့လိုနဲ့တင်ဖြစ်နေတာ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက မဇ္ဈိမကိုပြောသည်။

ပခုက္ကူမြို့တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် (၂၃၅)၊ အမှတ် (၂၅၁)၊ အမှတ် (၂၅၉)၊ ခြေမြန်တပ်ရင်း အမှတ် (၂၅၂) နှင့်အတူ အမှတ် (၁၀၁) ခြေမြန်တပ်မ ဌာနချုပ်တို့တည်ရှိသည်။ အဆိုပါ အမှတ် (၁၀၁) တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း တအောင်းအမျိုးသားတပ်မတော် (TNLA) က ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး လက်ရှိတွင် TNLA မှ ဖမ်းဆီးထိန်းသိမ်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး