ရခိုင်ပြည်နယ်မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီခံတပ်များ

ဓါတုရေးသားသည်။

မဇ္ဈိမ။ ။ရက္ခိုင့်တပ်တော် (AA) ၏ထိုးစစ်ကာလ လေးလတာအတွင်း တိုက်ပွဲများအရှိန်ပိုမြင့်လာသလို ရခိုင်ပြည်နယ်မှ မြို့ ၁၇ မြို့အနက် ကိုးမြို့ကို AAက သိမ်းပိုက်ထားသည်။

၂၀၂၃ နိုဝင်လာလ ၁၃ရက်မှ စတင်ခဲ့သည့်ထိုးစစ်အတွင်းAA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊​တောင်ပြို၊ ပုဏ္ဏားကျွန်း၊ ရ​သေ့​တောင်နှင့် တောင်ပိုင်းမှ ရမ်းဗြဲမြို့၊ ချင်းပြည်နယ်မှ ပလက်ဝမြို့တို့ကို သိမ်းယူနိုင်ပြီဖြစ်သည်။ လက်ရှိအချိန်အထိ နောက်ဆုံးသိမ်းယူထားသည့်မြို့မှာ ရသေ့တောင်မြို့ဖြစ်ပြီး မတ်လ ၁၇ ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

မေယုမြစ်ကမ်း​ဘေးရှိ ရ​သေ့​တောင်မြို့သည် ​စစ်တွေမြို့မြောက်ဘက်မိုင် ၄၀အကွာတွင်တည်ရှိပြီးစစ်တွေမြို့မှ ရေလမ်းခရီးဆက်သွယ်ရေးအရေးပါသည့်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်​​မြောက်ပိုင်းတွင် စစ်​ရေးအရ အချက်အချာကျသည့်နယ်​မြေဖြစ်ပြီး နယ်​မြေထိစပ်​နေ​သောဘူးသီး​တောင်၊​မောင်​​တောမြို့မှ စစ်ကောင်စီစခန်းများကိုလည်း AAက တိုက်ခိုက်နေသည်။

နောက်ထပ်လက်ကျန်စစ်ကောင်စီစခန်းများကို တိုက်ခိုက်ပြီး တမြို့ပြီးတမြို့ ထိုးစစ်ဆင်သိမ်းယူသွားမည်ဟု AAက ထုတ်ပြန်ထားပြီး စစ်ကောင်စီကလည်း လက်ကျန်မြို့များ မဆုံးရှုံးစေရေးအတွက် ခံစစ်ကိုအကြီးအကျယ်ပြင်ဆင်နေသည်။ ထို့ကြောင့်ပင် ယခုလတ်တလောစစ်ရေးအခြေအနေအရ ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်အမ်းမြို့နှင့် ဘူးသီး​တောင်၊​မောင်​​တောမြို့တို့သည် စစ်​ကောင်စီအတွက် ​နောက်ဆုံးခံတပ်မြို့များဖြစ်လာသည်ဟု ရခိုင်နိုင်ငံရေးအင်အားစုများကပြောသည်။

” ရ​သေ့​တောင်မှာ စစ်​ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ဦးစီး​တော့ ​ရှေ့တန်းစစ်ဆင်​ရေးအ​နေနဲ့ ​ဆောင်ရွက်တာရှိတယ်။ စစ်​တွေမှာ ဒကစပဲရှိတယ်။ဗိုလ်မှူးချုပ်အဆင့်ရှိ​ပေမယ့် ​ရှေ့တန်းခံစစ်ကြီးကြီးမားမားမရှိဘူး။ ဘူးသီး​တောင်က စစ်​ကောင်စီတပ်မဌာနချုပ် စကခ(၁၅)ရှိတယ်။မောင်​တောကျ​တော့ border line မှာ​မောင်​တောဌာနချုပ်ကိုအဆင့်မြှင့်ပြီးကြီးကြပ်ကွပ်ကဲ​နေတာရှိတယ်။ အဲ့ဒီမြို့​တွေကို AA ကသိမ်းပိုက်နိုင်ရင် စစ်​တွေကို​ချောင်ပိတ်ပြီးသွားမှာ​ပေါ့​လေ”ဟု AA နှင့်နီးစပ်သည့်​သတင်းရင်းမြစ်တဦးကသုံးသပ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင်၌ ရန်ကုန်-စစ်​တွေကားလမ်း​​ကြောရှိ ​မြို့အများစုကို AA ကသိမ်းပိုက်ထားနိုင်သော်လည်း မြို့အလုံးစုံ အပြီးသတ်ရရှိရန်ဘူးသီး​တောင်၊မောင်​​တော၊စစ်​တွေမြို့တို့ကျန်ရှိ​နေ​သေးသည်။

ရသေ့တောင်မြို့ကို သိမ်းပိုက်ပြီးနောက် AAသည် မြို့​တော်စစ်​တွေကို အ​နှေးနှင့်အမြန်တိုက်ပွဲ​ဖော်​ဆောင်နိုင်​ကြောင်း ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“အဲ့ဒီမြို့ သုံးမြို့ပြီးရင်​​တော့စစ်​တွေအလှည့်​ရောက်လာမှာ​ပေါ့။ စစ်​တွေမြို့ရဲ့ ​တောင်ဘက်ကပင်လယ်ဝိုင်း​နေတာ မြောက်ဘက်မှာဆို စစ်တပ်တပ်ရင်းတပ်ဖွဲ့​တွေရှိတယ်။ အဲ့​ဒီတော့ စစ်​တွေကကြည်းတပ်နဲ့​ရေတပ်ကြားညှပ်​နေတာ​။​ပေါက်​တော၊ရမ်းဗြဲတို့လို စစ်တပ်ကရှုံးရင် ရှူံးမဲမဲ​တော့တာပဲ။ပြည်သူဘက်မြှားဦးလှည့်၊ မြို့ပျက်ဖြစ်​အောင် စစ်​တွေလည်းဖြစ်သွားနိုင်​တော့ ULA/AA ဘက်ကအဲ့ဒါ​တွေစဥ်းစားလိမ့်မယ်လို့ကျွန်​တော်ထင်တယ်” ဟု ၎င်းကဆိုသည်။

AAသည် စစ်တွေမြို့အထိမနာစေရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ ဝိုင်းပတ်ပိတ်ဆို့ကာ စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံလာရေး ကြိုးစားနေသည်ဟု သုံးသပ်‌ပြောဆိုသည်။

ရခိုင်​မြောက်ပိုင်းတွင် တိုက်ပွဲ​ဖော်​ဆောင်ရန်ကျန်​သေးသည့်တမြို့တည်း​​သော စစ်​တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အ​ခြေစိုက်ပြီး အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်​အောက် ခလရ တပ်ရင်းခြောက်ခုနှင့်အမှတ်(၁၂)ရဲတပ်ရင်းနှင့်တပ်ရင်းအချို့ရှိသည်။

ယေဘုယျအားဖြင့်ကြည့်လျှင် စစ်​တွေမြို့တွင်စစ်​ကောင်စီမှအင်အားအ​​မြောက်အများဖြင့်ခံတပ်များအခိုင်အမာတည်​ဆောက်ထား​သော်လည်း  ​ပင်လယ်ပြင်ထွက်​ပေါက်သာရှိ​ပြီး စစ်​ရေးဗျူဟာပိုင်းအရအချက်အချာကျသည့်နယ်​မြေမဟုတ်​ကြောင်း နိုင်ငံ​ရေး​လေ့လာသုံးသပ်သူများနှင့်နယ်​မြေကျွမ်းကျင်သူ​ဒေသခံများက​ပြောသည်။

ရခိုင်လူ့အခွင့်အ​ရေးကာကွယ်မြှင့်တင်သူများအသင်းမှဒါရိုက်တာဦးမြတ်ထွန်းက AAသည် ရ​သေ့​တောင်ကို သိမ်းယူပြီးနောက် နယ်နိမိတ်ချင်းထိစပ်​​နေ​သော ဘူးသီး​တောင်​၊မောင်​တောမြို့များကိုလည်း ​စောလျင်စွာသိမ်းပိုက်နိုင်​ကြောင်းနှင့် ထို့နောက်ပိုင်းတွင် မြို့တော်စစ်တွေသို့ ထိုးစစ်ဦးတည်ဝင်လာနိုင်​ကြောင်း သုံးသပ်သည်။

စစ်ကောင်စီသည် ​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်​လက်​အောက်ရှိစစ်​တွေမြို့ အမြင့်ကျွန်း၊ပါဒလိပ်၊ နေဗီတပ်၊စစ်​တွေရဲတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ​မကြာခဏပစ်ကူ​ပေး​လျက်ရှိပြီး ​​မေယုမြစ်ဘက်မှ စစ်ကောင်စီ၏ ရေယာဥ်များအသုံးပြု၍ စစ်ကူအင်အားဖြည့်တင်းနေသည်။AAကလည်း စစ်ကောင်စီ၏ စစ်ကူလမ်း​ကြောင်းနှင့်ရိက္ခာပို့သည့်လမ်း​ကြောင်းများကိုပါ ကြားဖြတ်တိုက်ခိုက်​နေသည်။

တောင်ကုန်းများထူထပ်သည့်ဘူးသီးတောင်မြို့သည် ​မေယုမြစ်ဖျားတွင်တည်ရှိ၍ သင်္ဘောဆိပ်မြို့လည်းဖြစ်သည်။ ဘူးသီးတောင်မြို့သည် စစ်တွေမြို့မှ မြောက်ဘက် ၇၅မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဘူးသီးတောင်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၅) လက်အောက်ခံ ခမရ( ၅၅၂) တပ်ရင်းကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ကုန်သွယ်​ရေးအချက်အချာကျ​​သော အိန္ဒိယနိုင်ငံနှင့်နယ်စပ်လမ်းကြောင်းပေါ်မှ ချင်းပြည်နယ်၊ပလက်ဝမြို့ကို AA က သိမ်းယူနိုင်ခဲ့သလို ဘင်္ဂလား​ဒေ့ရှ်နိုင်ငံနှင့်နယ်စပ်ကျသည့် ​မောင်တောမြို့ကိုလည်း ကုန်သွယ်လမ်း​ကြောင်းဖွင့်ရန် ဒုတိယနယ်စပ်မြို့ အဖြစ်သိမ်းပိုက်နိုင်​ရေးအတွက် ​လေးလတာကြာမြင့်သည့်အထိအရှိန်မပြတ်အပြင်းအထန်ထိုးစစ်ဆင်သည်ကို​တွေ့ရ​ကြောင်းနိုင်ငံ​ရေး​​လေ့လာသုံးသပ်သူများကဆိုသည်။

နတ်မြစ်၏အရှေ့ဘက်ကမ်းတွင်တည်ရှိသည့်ကုန်သွယ်ရောင်းဝယ်မှုစည်ကားသောမောင်တောမြို့သည် စစ်တွေမြို့နှင့်၉၆မိုင်ကွာဝေးသည်။ မောင်​​တောမြို့သည်AAမှသိမ်းပိုက်ထားနိုင်သည့် တောင်ပြိုလက်ဝဲမြို့နှင့်မိုင်၂၀ကွာ​ဝေးသည်။ထို့အပြင် နယ်စပ်​ကုန်သွယ်ရေးအတွက် အရေးပါသောမြို့ လည်းဖြစ်သည်။  ဘူးသီးတောင်မြို့ နှင့်၁၆မိုင်ခန့်သာကွာဝေးပြီး စစ်တွေမြို့သို့ သင်္ဘော၊ရှပ်ပြေးရေယာဉ်ဖြင့်သွားလာနိုင်သည်။

​ဒေသခံများ၏အဆိုအရ ​​မောင်​တောမြို့နယ်တဝက်ကို AA မှထိန်းချုပ်ထားနိုင်ပြီး နယ်ခြားစောင့်စခန်းအချို့အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ-နခခ(၄) လက်အောက်ရှိ ဗောဓိကုန်းစခန်းကိုလည်းAA မှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။ဗောဓိစခန်းမကျ​ရေးအတွက်လည်းစစ်​ကောင်စီတပ်က လေ​ကြောင်း၊​ရေ​ကြောင်းမှအပြင်းအထန်ခုခံကာကွယ်​နေ​သည်။

ရခိုင်စစ်မြေပြင်အတွင်း စစ်ကောင်စီအထိနာခဲ့သည့် လူသိရှင်ကြားတိုက်ပွဲမှာ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက်သည့် ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီလအတွင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်သည်။ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင်ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စီး၊ ဇက်သင်္ဘောတစီးအား AAကတိုက်ခိုက်နှစ်မြုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကူးထွက်ပြေးခဲ့ကြရသည်။ ထိုတိုက်ပွဲအတွင်း အသက်လုထွက်ပြေးသည့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်လက်ရဖမ်းဆီးမိခဲ့ကြောင်း၊သေဆုံးသူများလည်းရှိကြောင်း AA က ထုတ်ပြန်ခဲ့သည်။ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တနေ့ဖြစ်ခဲ့သည်ဟု AAက ဟစ်ကြွေးခဲ့သည်။

ရခိုင်‌တွင် မြေပြင်စစ်ကြောင်းများရော ရေကြောင်းတိုက်ပွဲတွင်ပါ အထိနာသည့် စစ်​ကောင်စီက လေ​ကြောင်းမှစစ်ကူပို့ခြင်းကိုအားပြုလာသည်။ ဖေဖော်ဝါရီလအတွင်းတိုက်ပွဲများတွင် အမ်းမြို့မှ ​အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်​အောက်တပ်ရင်းများအပါအဝင် ဧရာဝတီတိုင်းအခြေစိုက်တပ်ရင်းတပ်ဖွဲ့များမှ ​အင်အား ၁၀၀ ကျော်ကို ရဟတ်ယာဥ်များဖြင့် စစ်ကူစေလွှတ်ခဲ့​သည်။ သို့သော် ယင်းစစ်ကြောင်းကို AAက တိုက်ခိုက်ရာသေဆုံးသူအများအပြားရှိခဲ့ပြီး အရှင်ဖမ်းမိသူများလည်းရှိခဲ့သည်။ ဆက်လက်ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် မြို့များမှ ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းများသည် ဆုတ်ခွာရာလမ်းကြောင်းတလျှောက်ရှိ တံတားအချို့ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းပိုင်းအချို့အား ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။

ရန်ကုန်-စစ်​တွေကားလမ်းရှိ အမြင့်ကျွန်းတံတားကိုမိုင်းခွဲဖျက်ဆီးသကဲ့သို့ အမ်းမြို့အဝင်အထွက်ကားလမ်းများကိုလည်းစစ်​ကောင်စီက ​ဖေ​ဖော်ဝါရီလ ၂၈ ရက်က ​​ ​မြေတူးစက်များဖြင့်တူးဖော်ဖြတ်တောက်ခဲ့သည်။စစ်ကောင်စီသည်ရခိုင်စစ်မြေပြင်တွင် အများပြည်သူအသုံးပြုနေသည့်တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု တိုက်ပွဲအတွင်း AA ဖမ်းမိခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကထုတ်ဖော်ဝန်ခံခဲ့သည်။ ခလရ(၃၆)မှ ဆေးအရာခံဗိုလ်မျိုးခန့်၏ ထုတ်ဖော်ဝန်ခံချက်ကို AAက မတ်လ ၁၃ရက်ညတွင်ရုပ်သံဖြင့် ထုတ်ဖော်ပြသရာ၌ ဖေဖော်ဝါရီလကတိုက်ပွဲများအတွင်း ခလရ(၃၆)မှ တပ်ဖွဲ့ဝင်များသည် မအီမြို့မှဆုတ်ခွာစဉ် မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ဖော်ဝန်ခံထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တွင်ထိ​တွေ့တိုက်ပွဲအနည်းငယ်ရှိ​သော်လည်း  AA အ​နေဖြင့် မြို့​ပေါ်တွင်မူ တိုက်ပွဲ​ဖော်​ဆောင်ခြင်းမရှိ​​သေး​ပေ။AAနှင့်နီးစပ်သည့်​ဒေသခံသတင်းရင်းမြစ်၏ အဆိုအရ ရမ်းဗြဲမြို့သို့ စစ်ကူပို့ခဲ့သည့် အမ်းမြို့ရှိ ခြေလျင်တပ်ရင်း-ခလရ(၃၇၂)နှင့်ခလရ(၃၇၃)ကို AA ကကြားဖြတ်​ချေမှုန်းနိုင်ခဲ့သဖြင့် ခလရ(၃၇၁) တပ်ရင်းတခုသာအမ်းမြို့တွင်ကျန်သည်။ထို့အပြင်အမ်းမြို့ရှိ စစ်​​ကောင်စီတပ်ဖွဲ့ဝင် အချို့သည် AAထံခိုလှုံသွား​ကြောင်း​ဒေသခံများကဆိုသည်။
အဆိုပါဖြစ်စဥ်နှင့်ပက်သက်၍ AA မှထုတ်ပြန်ထားခြင်းမရှိသေးသလို AA ပြော​ခွင့်ရ ခိုင်သုခကိုဆက်သွယ်​မေးမြန်း၍မရ​သေး​ပေ။

“AA ကအပြင်စည်းက​နေဝိုင်းထားနိုင်တဲ့အ​နေအထားပါ။ ရခိုင်​တောင်ပိုင်း ရမ်းဗြဲကိုသိမ်းပိုက်နိုင်ပြီဆို​တော့ အမ်းမြို့ကိုလည်းအပြင်က​နေဝိုင်းထားတယ်”ဟု ရခိုင်လူ့အခွင့်အ​ရေးကာကွယ်မြှင့်တင်သူများအသင်းမှဒါရိုက်တာဦးမြတ်ထွန်းက​ပြောသည်။

စစ်​ကောင်စီသည် လတ်တလော၌ ၎င်းတို့ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်‌ရေးယန္တရားများလည်ပတ်စေရန် အတင်းအကျပ်ဖိအားပေးရုံးတက်ခိုင်းမှုများလည်းရှိနေကြောင်း ကာယကံရှင်ဝန်ထမ်းချို့ကပြောသည်။ ထို့အပြင် ခြေကုတ်ယူထားသောစခန်းများမှနေ၍ လူနေကျေးရွာများကို ပစ်ခတ်တိုက်ခိုက်နေရာ အရပ်သားသေဆုံးမှုများရှိနေကြောင်း AAက ထုတ်ပြန်ထားသည်။

မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်ကစစ်တွေမြို့ပေါ် ရပ်ကွက်တခုပေါ်သို့ စစ်ကောင်စီပစ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားရှစ်ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟုသိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်က စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်မှ ကိုးရီးယားဆိပ်ကမ်းမြို့မဈေးအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးသွားပြီး ၈၀ ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကိုပြောင်းပြောင်းတင်းတင်း လက်ရဲဇက်ရဲကျူးလွန်နေကြောင်းAA က သတင်းထုတ်ပြန်ခဲ့သည်။

အင်အားချိနဲ့နေသည့် စစ်ကောင်စီသည်စစ်​တွေနှင့် ကျောက်ဖြူမြို့နယ်ရှိဒုက္ခသည်စခန်းမှ  ရိုဟင်ဂျာဦးရေ ၁,၀၀၀ခန့်ကိုလည်းစစ်သင်တန်းပေးပြီး​ စစ်တိုက်ခိုင်းခဲ့ကြောင်း၊ တိုက်ပွဲများ၌ ရိုဟင်ဂျာအချို့သေဆုံးခဲ့ကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်သူ ရိုနေဆန်းလွင်က မဇ္ဈိမအားပြောသည်။

ရခိုင်စစ်မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က မတ်လ တတိယလပတ်ထဲတွင် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားလိုက်သည်။၎င်း၏နေရာတွင် ​ခြေမြန်တပ်မဌာနချုပ် တပ်မ(၇၇ ​)တပ်မမှူးဗိုလ်မှူးချုပ်ကျော်ကျော်ဟန်အား အစားထိုးထားသည်ဟု တပ်တွင်းနီးစပ်သူများက​ဆိုသည်။

စစ်ကောင်စီတပ်သားများ မသေချင်လျှင် စောစောစီးစီးအလံဖြူထောင်ရန် ဇန်နဝါရီလအတွင်းက သတိပေးခဲ့ဖူးသည့်AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖေဖော်ဝါရီ ၂၆ရက်က နောက်ထပ်ထုတ်ဖော်ပြောကြားချက်တခုတွင် စစ်ကောင်စီတပ် သေချာပေါက်စစ်ရှုံးနေပြီဖြစ်ပြီး လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် ဆက်လက်မိုက်တွင်းမနက်ဘဲ သားသမီးမြေးမြစ်တွေများအတွက် သိက္ခာချန်ထားခဲ့သင့်ပြီး လက်နက်ချသင့်ပြီဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်ကြီးများအား တိုက်တွန်းထားသည်။ ။

စာတည်း – အေးချမ်း