တမူးမြို့တွင် စစ်ကောင်စီချိတ်ပိတ်ထားသည့်နေအိမ် မီးရှို့ဖျက်ဆီးခံရ

ပါခွီး


(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့တွင် ဇန်နဝါရီလ ၁၈ရက် ညနေပိုင်းက PDF – Tamu တပ်ဖွဲ့ဝင်တဦး၏ ချိပ်ပိတ်ခံထားရသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

“ကြိုတင်ပီး တွက်ဆထားတာကြောင့် သိပ်ပြီးတော့ မတုန်လှုပ်ပါဘူး၊ အခုမှ ကိုယ့်အိမ်ကအရှို့ခံရတာ တချို့နယ်ကပြည်သူတွေဆို အိုးအိမ်မဲ့နေကြရတာကြာပြီလေ၊ အရာရာတိုင်း ထိရောက်တဲ့ တုန့်ပြန်မှုကို လုပ်သွားမှာပါ ကိုယ့်အလှည့်ရောက်ရင် ခံနိုင်ရည်ရှိအောင် လုပ်ထားကြပါ” ဟု နေအိမ်မီးရှို့ခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုအောင်ဖြိုးကြွယ်က မဇ္စျိမ ကိုပြောသည်။

တမူးမြို့ပြင် Denko ဆီဆိုင်အနီးတွင် စစ်ကောင်စီတပ် ၊ ပျူစောထီးပူးပေါင်းအဖွဲ့ နှင့် PDF – Tamu တပ်ရင်း(၄) တို့ ဇန်နဝါရီလ ၁၈ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းနေညပိုင်းတွင် မြို့အတွင်းရှိနေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နံနက်ပိုင်း တိုက်ပွဲဖြစ်ပွာပြီးနောက် ညနေ၅နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်ကာ တိုက်ပွဲအတွင်း ပျူစောထီးတပ်ဖွဲ့ဦးဆောင်သူတဦးအပါအဝင် လေးဦးသေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့မှတဦး ဒဏ်ရာရထားကြောင်း PDF – Tamu တပ်ရင်း(၄) တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

“တိုက်ပွဲမှာ ပျူစောထီးအကြီးပိုင်း တယောက်အပါ လေးယောက်သေတယ်ဆိုတာ သေချာတဲ့သတင်းပြန်ရပါတယ်” ဟု ၎င်းကပြောသည်။

မီးရှို့ခံရသည့် အဆိုပါနေအိမ်အား ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၉ရက်နေ့တွင် စစ်ကောင်စီက ချိပ်ပိတ်ထားခြင်းဖြစ်ပြီး ယင်းနေအိမ်နှင့်အတူ အနီးရှိနေအိမ်တလုံးကိုပါ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၂၃ခုနှစ်ကလည်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မြို့အထွက်ရှိ ခြံကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးကြောင်း ဒေသခံထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ