ချင်းဖိုက်တာ MT Timothy ၅၂ကီလိုဝိတ်တန်း ထိုးသတ်ပွဲတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ

ပုံအညွှန်း။ ။ မလေးရှားနိုင်ငံတွင် ချင်းဖိုက်တာ MT Timothy ထိုးသော ဘောက်ဆင်ထိုးပွဲမြင်ကွင်း။

ကိုခင်မောင်

(မဇ္စျိမ)။ ။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ လာလာပိုစ့် ကုန်တိုက်တွင် ကျင်းပသော ၅၂ ကီလိုဝိတ်တန်း ထိုးသတ်ပွဲတွင် ချင်းဖိုက်တာ MT Timothyက ၎င်း၏ပြိုင်ဘက် မလေးရှားနိုင်ငံသား Wanaqiu ဆိုသူကို ဒိုင်ပွဲရပ် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၀ရက် မလေးရှားစံတော်ချိန် ၃နာရီတွင် Any Martial Art Fighting Championship (AMAFC )အဖွဲ့အစည်းက အဆိုပါပွဲအား ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ကို ကြိုတင်သိတာမျိုးမရှိဘဲ ပွဲမထိုးခင် တရက်အလိုတွင် မဲနှိုက်ပြီး မဲကျသောသူနှင့် ထိုးရခြင်းဖြစ်သည်ဟု MT Timothyက ပြောသည်။

“ကျနော်ကတော့ ပြိုင်ဖက်ကို မသိဘူး၊ မတွေ့ဖူးဘူး။ သူက မွေထိုင်းဖိုက်တာဆိုတော့ လိုင်းမတူတော့ သူက Boxing ဖက် လိုင်းပြောင်းလာတာပါ ။ မွေထိုင်းသမားတွေ Boxing စဉ်းမျည်းထဲဝင်လာထိုးမယ်ဆိုတာနဲ့ နိုင်မယ်ဆိုတာ လုံးဝယုံကြည့်မှုအပြည့်နဲ့ ထိုးခဲ့တာပါ ။ သုံးချီမြောက်မှာ ဒိုင်အရပ်နဲ့ အလဲထိုး နိုင်ခဲ့တယ်။ စည်းမျဉ်းကတော့ Boxing ဖက်ပါပဲ” ဟု MT Timothyက ဆိုသည်။

MT Timothy၏ ပြိုင်ဘက်မှာ မလေးရှားနိုင်ငံသား အရပ် ၁၇၀စင်တီမီတာရှိ အသက် ၂၃နှစ်အရွယ် မွေထိုင်းသမား Wanaqiu ဆိုသူဖြစ်ပြီး ပွဲပေါင်း ၅၀ ကျော်ထိုးသတ်ထားပြီးသူ ဖြစ်ကြောင်းသိရသည်။

ချင်းဖိုက်တာ MT Timothy သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့က မလေးရှားနိုင်ငံတွင်ပြုလုပ်ခဲ့သော Any Martial Art Fighting Championship (Boxing) ပွဲတွင်လည်း Rouhulla ဆိုသူနှင့် Kick Boxing ပွဲထိုးထားပြီး အနိုင်ရရှိခဲ့သေးသည်။

MT Timothyသည် ဘောက်ဆင်ထိုးသတ်ပွဲ သီးသန့် လေးကြိမ်ကစားဖူးသူဖြစ်ပြီး ထိုးသတ်ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိထားသူဖြစ်ကြောင်း သိရသည်။

အသက် ၂၂နှစ်အရွယ် MT Timothy သည် ချင်းပြည်နယ် မတူပီမြို့နယ် ဇာတိဖြစ်ပြီး မလေးရှားနိုင်ငံသို့ မြန်မာစစ်ဘေးဒုက္ခသည်အနေဖြင့် ၂၀၁၁ခုနှစ်တွင် ရောက်ရှိခဲ့ကာ ၂၀၁၅ ခုနှစ်မှစ၍ Boxing ထိုးနည်းများအား သေချာလေ့ကျင့်ခဲ့ကြောင်း သိရသည်။

အခြားပွဲစီစဉ်သူများမှ MT Timothy အား လာကမ်းလှမ်းခြင်းရှိပြီး မလေးရှားနိုင်ငံအတွင်း ဘောက်ဆင်ပွဲများ ထိုးသတ်သွားမည်ဖြစ်သည့်အတွက် ပရိတ်သတ်များအနေဖြင့် ဆက်လက်အားပေးကြရန် ၎င်းကဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ