နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၀ ဇန်နဝါရီ ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က ကျေးရွာပေါင်း ၂၀၀တွင်  အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် အညီ ရပ်ကျေး ပအဖ ၊ ပကဖ များ ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ 
  • တနင်္သာရီတိုင်း ၊ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဒေါန စစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ပေါင်းစုဖြစ်သည့် အမှတ်(၃၃)စစ်ကြောင်းမှူး ဗျူဟာမှူး ဗိုလ်ဒါးကို၊ ရန်ကုန်တိုင်း စစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ၊ မွန်တော်လှန်ရေးတပ် တပ်ရင်းမှူး ဒရာဂွန်၊ ကျောင်းသား တပ်မတော် တပ်ရင်း (၁) တပ်ရင်းမှူး ဦးသိန်းလွင်တို့ မြေပြင်ကွင်းဆင်း‌ကာ ရဲဘော်များနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း  Kanbauk Defense Force ထံမှ သိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် စစ်ကိုင်းတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ EOCC အစည်းအဝေးပြုလုပ်ခဲ့ကြောင်း လူသားချင်း စာနာကူညီရေးနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 
  • ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်း အား ဇန်နဝါရီ ၁၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် အရာရှိအဆင့်ရှိသူ လေးဦးနှင့် တပ်သား နှစ်ဦးသေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) တာဝန်ရှိသူထံမှ သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနေ ၃ နာရီ ၁၀ မိနစ်အချိန်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားသည် ဟု ဒေသခံထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ယခု ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသော မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးသေဆုံး ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှစစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည့် ပြည်သူများအနက် သတ်ဖြတ်ခံရသူ ငါးဦးအထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်လျက်ရှိရာ ဒေသခံများ ပိတ်မိနေဆဲဖြစ်ကြောင်း ကျန်ရှိနေသည့် မြို့ခံများက ပြောသည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ အမျိုးသားတဦး သေဆုံးပြီး နေအိမ်များလည်း မီးလောင်သွားသည်။ 
  • ရန်ကုန်မြို့လယ်ခေါင်တွင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သော လူငယ်များက ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပြောက်ကျား သပိတ် ပြုလုပ်ကြသည်။ 
  • မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်တွင် ရေစကြိုဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီ၏ ယာဉ်တန်းအား Young Force UG တပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီလ ၁၉ရက် ညပိုင်းတွင် တပ်ဖွဲ့က ထုတ်ပြန်သည်။ 
  • ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး ရာအိမ်မှူး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းတမျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စများ ဆောင်ရွက်ရာတွင် ညှိနှိုင်းအဖြေရှာကြရန် ချင်းအရ ပ်ဖက်လှုပ်ရှားမှု Chin Civic Movement(CCM)တွင် ပါဝင်သူများက သဘောထားကွဲလွဲနေသည့် အဖွဲ့အစည်းများထံတိုက်တွန်းပြောဆိုသည်။ 
  • ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ထားသည့် ကိုးကန့်ဒေသတွင် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက် သူများကို သေဒဏ်ချမှမည်ဟုမြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNDAA )က ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 
  • ရန်သူစစ်ကောင်စီသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းစသည့် ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက် အလက်များကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ပြီး စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု များကို အင်တိုက်အားတိုက်ကျူးလွန်ရန် ပြင်ဆင်လျက်ရှိဟု တအာင်း၊ ကိုးကန့်၊ရက္ခိုင် ညီနောင် မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ 
  • ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဝှေခါဗျူဟာကုန်းကို ကေအိုင်အေဦးဆောင်သည့် KPDF ပူးပေါင်း တပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၀ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကေအိုင်အေရှေ့တန်း သတင်းအရင်းအမြစ်များက ဆိုသည်။ 

စစ်ကောင်စီ 

  • အာဏာသိမ်းမှုကို ဖီဆန်သည့် CDM ကျန်းမာရေးဝန်ထမ်းများ ကိုအလုပ်ခန့်ထားသည်ဟု စွပ်စွဲ ချက် ဖြင့် ပိတ်ခိုင်းထားသော မန္တလေးမြို့ရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီ က ပြန်ဖွင့်ခွင့်ပေးလိုက်ကြောင်း သိရသည်။ 
  • ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်း လုပ်သား MoU အလုပ်သမားကို လေကြောင်းခရီးနှင့် စတင်စေ လွှတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်သည်။ 
  • ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim နှင့် ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံကြောင်း ထုတ်ပြန်ထားသည်။ 
  • ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီးတည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၂၀ သုံးသပ်ချက် 

  • ရှမ်းမြောက်တွင် ပစ်ခတ်ခြင်းများလျော့နည်းသွားသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရက္ခိုင့် တပ်တော်က ရခိုင်ပြည်နယ်တွင် တွန်းလှန်စစ်ဆင်နွဲနေပြီး စစ်ကောင်စီစခန်းများနှင့် မြို့များ တစ်ခုပြီးတစ်ခု သိမ်းနေသည်။ယင်းကြောင့် ရခိုင်ပြည်နယ်သည် မကြာမီ အချိန်အတွင်း လွတ်မြောက်နယ်မြေများ ထွက်ပေါ်လာနိုင်သည်။