ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဓာတ်ပုံ− Kachin Waves၊ မဘိမ်းမြို့ဒေသခံ

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မဘိမ်းမြို့တွင် ရဲစခန်းနှင့် ကုန်းမခံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းသာရှိပြီး လက်ရှိတွင် အဆိုပါ နေရာနှစ်ခုစလုံးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“မြို့သိမ်းလိုက်ပြီရှင့်။ ဒီနေ့မှရှင့်။ ရဲစခန်းကိုသိမ်းလိုက်တာ ဒီကနေ့မှ။ ကုန်းမခံ စစ်တပ်ဘက်ကိုလည်း သိမ်းလိုက်တာ။ မဘိမ်းမှာ အဲဒီတခုပဲရှိတာ။ ရဲစခန်းက ကုန်းခါးရပ်ကွက်မှာရှိတာ။ နှစ်ခုစလုံးကို ဒီမနက်မှ သိမ်းလိုက်တာပါ။ ဒီမနက် လေကြောင်းလည်းမလာဘူး” ဟု မဘိမ်းမြို့ဒေသခံက ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် မဇ္ဈိမကိုပြောသည်။

ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မွန်းတည့်ခန့်တွင် တိုက်ပွဲငြိမ်သက်လျက်ရှိပြီဖြစ်ကြောင်း အဆိုပါဒေသခံ၏ပြောဆိုချက်အရ သိရသည်။

ဇန်နဝါရီ ၂၀ ရက် ယမန်နေ့ ညပိုင်းကမူ စစ်ကောင်စီမှ မဘိမ်းမြို့သို့ လေကြောင်းတိုက်ခိုက်မှုဆက်တိုက် ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံကဆိုသည်။ ကုန်းမခံကျေးရွာရှိ တပ်စခန်းကုန်းတွင် အထိုင်ချတပ်စွဲထား သည်မှာ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ(၂၇၆)ဖြစ်ကြောင်းလည်း ဒေသခံ၏ပြောဆိုချက်အရ သိရ သည်။

KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကမူ မဘိမ်းမြို့သိမ်းပိုက်နိုင်မှုအခြေအနေနှင့်ပတ်သက်၍ ၎င်းအနေ ဖြင့် အတည်ပြုမပေးနိုင်သေးကြောင်း ပြောသည်။

“ရဲစခန်းကျသွားပြီ ဒီမနက်ပဲ အရှင်ဖမ်းမိထားသူတွေလည်း ရှိတယ်တဲ့။ မနေ့ကတော့ ကုန်းခါးမှာ တနေ ကုန်ပစ်ကြတာ။ ရဲစခန်းက ကုန်းခါးမှာရှိတာလေ။ ညက လေယာဉ်နဲ့ဗုံးကြဲတာ တခါချလေးငါးလုံးအတွဲ လိုက်ပဲ၊ မနည်းဘူး ပေါင် ၅၀၀ ဗုံးတွေထင်တာပဲ” ဟု အခြားသော မဘိမ်းမြို့ခံတဦးကလည်း ပြောသည်။

စစ်ကောင်စီကိုထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မဘိမ်းမြို့ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီ ဘက်မှအခြေအနေမလှကြောင်း ယမန်နေ့ကပင် ရေးသားပြောဆိုနေမှုများရှိသည်ကို တွေ့ရသည်။ အဆို ပါ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီမှ တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေး ပေ။

မဘိမ်းမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေများနှင့် အသေးစိတ်အခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မဘိမ်းမြို့သည် ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်၊ မံစီမြို့၊ ရှမ်းပြည်နယ် နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်မြို့၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်မြို့ နယ်ဖြစ်သည်။

စာတည်း။ ။စောဖေ