ကန့်ဘလူတွင် စစ်ကောင်စီတပ်က ဒေသခံ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ်တိုရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာမှ ထွက်လာသော စစ်ကောင်စီီတပ် ခြေမြန်တပ်ရင်း ခမရ (၃၆၁) တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး စုပေါင်းအင်အား ၁၅၀ ခန့်သည် စစ်ကြောင်းနှင့်တိုးသော အင်ငုတ်တိုရွာသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

သတ်ဖြတ်ခံရသူ နှစ်ဦးမှာ အသက် (၄၅) နှစ်အရွယ် ဦးသိန်းမြင့်နှင့် အသက် (၂၉) နှစ်အရွယ် ကိုချိုသန်း (ခ) ရွှေအိုးစည်တို့ဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်များအား အစာကျွေးရန် စစ်ဘေးရှောင်စခန်းမှ ကျေးရွာရှိ နေအိမ်သို့ ပြန်လာစဥ် ဖမ်းဆီးသတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ရွာမှာစစ်ရှောင်တယ်ဆိုပေမယ့် သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေကို အရင်တောထဲပို့ထားတာ အိမ်မှာကျန်ခဲ့တဲ့ ကျွဲ၊နွား၊ဝက် တို့ကို ကျွေးမွေးရသေးတာမို့ ညတော့ ယောက်ျားသားတချို့က အိမ်ပြန်အိပ်ကြရတာ၊ မနက်မှ စစ်ရှောင်တဲ့တောထဲ ပြန်တာ၊ အဲ့ဒါကို စစ်ကြောင်းနဲ့တိုးလို့ ဖမ်းပြီးသတ်ခံရတာ၊ ရွှေအိုးစည် (ကိုချိုသန်း)ဆို ခေါင်းဦးခွံတွေကို ကျွတ်လို့ နှိပ်ဆက်ထားတာ၊ ရင်ဘတ်မှာ သေနတ်နဲ့ပစ်ထားတာလည်း တွေ့တယ်” ဟု ဒေသခံတဦးက ပြောသည်။

ချပ်သင်းတိုက်နယ်ရှိ အင်ငုတ်တိုရွာကို ၂၀၂၂ ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် စစ်ကောင်စီတပ်မှ နှစ်ကြိမ်တိုင်မီးရှို့ခဲ့၍ လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးထားကာ ထိုချိန်မှစပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

လက်ရှိမှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်နှင့် ကိုးတောင်ဘို့ တိုက်နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

ဒေသခံနှစ်ဦးကို သတ်ဖြတ်သွားသော စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားနေသည့် ချပ်သင်း စစ်ကောင်စီတပ် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် လာရောက်သည့်စစ်ကြောင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ချပ်သင်းတိုက်နယ်တွင် စစ်ကောင်စီတပ်မှ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေကြောင်း သိရသည်။

လက်ရှိမှာ တိုက်ပွဲများကြောင့် ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်နှင့် ကိုးတောင်ဘို့တိုက်နယ်ရှိ ကျေးရွာ ၂၀ ကျော်က ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်၊။

စာတည်း။ ။ နောင်နောင်