ကန့်ဘလူတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး နှင့် အမျိုးသမီး ၂ ဦး အပါ ၈ ဦး ဒဏ်ရာရ

ဓါတ်ပုံ၊ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဓါတ်ပုံ၊ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကိုခင်မောင်၊ 008

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ငါးကြိမ်တိုက်ခိုက်ခဲ့ရာ သံဃာတော် တပါးနှင့် အမျိုးသမီး နှစ်ဦး အပါအဝင် ဒေသခံပြည်သူ ရှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကပြောသည်။

” အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းလည်း ပျက်စီးမှုအနည်းငယ် ရှိခဲ့တယ်။ မပေါက်ကွဲတဲ့ ဗုံးသီးနှစ်လုံးကြောင့်လည်း ပြည်သူတွေ အထိအခိုက်သက်သာခဲ့​တယ် “ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၁ရက် နံနက် ၁၁နာရီခန့်မှ စတင်၍ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ပင့်သာတိုက်နယ်တို့ရှိ ကျေးရွာ ခြောက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးချတာ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျတာ‌ဗျ။ ဘုန်းကြီးက ဆွမ်းဘုန်းပေးနေတဲ့ အချိန်ကြီးဆိုတော့ ဘုန်းကြီး၊ ကပ္ပိယ၊ နောက်ရွာသားတဦးနဲ့ ကျောင်းထဲလာဆော့နေတဲ့ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်ကလေးရော ဆိုတော့ စုစုပေါင်း ငါးယောက်ထိတာ၊ တရွာလုံးသွေးပျက်မတတ်ပဲ ။ ကျောင်းမှာလူစုပြီး ပွဲလမ်းသဘင်လုပ်နေတာမျိုးလည်း မဟုတ်ဘဲ ဒီတိုင်းကြီး ပစ်ခံရတာ။ ဘုန်းကြီးကျောင်းတကျောင်းလုံး ပျက်ဆီးသွားတာ ရစရာကိုမရှိဘူး”ဟု သင်တောရွာသားတဦးကပြောသည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် ကိုးတောင်ဘို့တိုက်နယ်၊ ဇော်ချောင်းရွာဘုန်းကြီးကျောင်းမှ ဆွမ်းချက်ဆောင်နှင့် ဇရပ်‌တဆောင်တို့ပျက်စီးပြီး အသက်၇၈ နှစ်အရွယ် အဖိုးတယောက်၊ ၈၁ နှစ်အရွယ်အဖွားတယောက်ထိခိုက်မိ​ပြီး ချပ်သင်းတိုက်နယ်၊ ဇီးကုန်းရွာတွင်လည်း ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ပျက်စီးခဲ့ကာ အမျိုးသမီးတဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်လှတက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုသည်။

“ဆင်းတုတော်တွေနဲ့ စေတီတွေရော အကုန်ပျက်ဆီးသွားတာ၊ သာသနိကအဆောက်အအုံတွေမှန်းသိသိကြီးနဲ့ ပစ်တာကျတော့ ဗုဒ္ဒဘာသာဝင်တယောက်အနေနဲ့ အတော်လေးစိတ်မကောင်းဖြစ်မိတယ်”ဟု ဒေသခံတဦးက ပြောသည်။

ထို့ပြင် မကျီးကုန်းရွာတွင် ပြည်သူပိုင်နေအိမ် ငါးလုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို လုံခြုံသည့်နေရာတွင် ဆေးကုသပေးလျက်ရှိပြီး ပင့်သာ၊ချပ်သင်းနှင့်ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိကျေးရွာများမှ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး