ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

008

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိကျေးရွာများကို ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစော ထီးသုံးဦးသေဆုံးပြီး ကာဘိုင်သေနတ်နှစ်လက်သိမ်းဆည်းရမိကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

အင်အား ၂၀ ခန့်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဇီးကုန်းမြို့နယ်၊ လက်ဆည်ကျေးရွာအနီးတွင် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (လှုပ်ရှားတပ်ဖွဲ့)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဇီးကုန်းကနေ ကင်းလှည့်လာတဲ့အဖွဲ့ကို လက်ဆည်ရွာ မရောက်ခင်တိုက်တာပါ။ စစ်သားလည်း နည်းနည်းပါတယ်၊ ပျူကများတယ်။ သေတာက ပျူသုံးကောင်၊ သူတို့ကိုင်တဲ့ ကာဘိုင်နှစ်လက်နဲ့ကျည်နည်းနည်း သိမ်းဆည်းနိုင်ခဲ့တယ်။ သေတာက မျက်မြင်ပေါ့ဗျ” ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်းနှင့် ကာဘိုင် နှစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် ၂၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ-ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စာတည်း။ ။စောဖေ