အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်

မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို လာအိုနိုင်ငံ၊ လွမ် ဖရာဘန်မြို့မှာ ကျင်းပနေပြီဖြစ်ပါတယ်။ လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတဦး စေလွှတ်မယ်လို့သိရပါတယ်။ အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီကိုယ်စားပြုသူတွေကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် မပေးဘဲ ကန့်သတ်ပိတ်ပင်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းခဲ့ပြီး ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ နိုင်ငံရေး ပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက်တွေ ချမှတ်ထားပေမဲ့ စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး အဆင့်မြင့် အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားပြုတဲ့ နိုင်ငံရေးအရ ရာထူးတာဝန်ယူထားသူတွေကို တက်ရောက်ခွင့်မပေးပဲ ကန့်သတ်ထားတာပါ။ စစ်ကောင်စီကလည်း ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံ ထိပ်သီးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတစ်ဦးကိုပဲ တက်ရောက်ခွင့် ပေးမယ်လို့ အာဆီယံက ပြောဆိုထားပေမဲ့ စစ်ကောင်စီက လက်မခံတာကြောင့် ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက် ညီလာခံတွေမှာ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့တာပါ။ ဒီနှစ်မှာ အာဆီယံအသင်းရဲ့ အလှည့်ကျ ဥက္ကဌဖြစ်လာတဲ့ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် ၂ ရက်ကြာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျမှသာ စစ်ကောင်စီက ကိုယ်စားလှယ် စေလွှတ်မယ့် သတင်းထွက်ပေါ်လာတာပါ။ အစည်းအဝေးမှာ ဒေသတွင်း အရေးတကြီးဖြေရှင်းဖို့လိုနေတဲ့ မြန်မာနိုင်ငံအရေးကိုလည်း အဓိကထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်ကနေ ၂၉ အထိ ကျင်းပမယ့် အဲဒီအစည်းအဝေးကို လာအိုဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Saleumxay Kommasith က ဦးဆောင်ကျင်းပမှာဖြစ်ပြီး မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နဲ့ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ အစည်းအဝေးတက်မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ‘‘ဝန်ကြီးတွေဟာ ဒေသတွင်းကို ရိုက်ခတ်တဲ့ မြန်မာပြည်တွင်းက အခြေအနေလို ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးကြဖို့ ရှိတယ်’’ လို့ ဇန်နဝါရီလ ၂၆ ရက်တုန်းက ထုတ်ပြန်ပြောဆိုပါတယ်။ ဒီအစည်းအဝေးမတိုင်ခင် သီတင်းပတ်တွေတုန်းကတော့ အာဆီယံအလှည့်ကျ လာအိုနိုင်ငံက ခန့်အပ်လိုက်တဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံ အာလွန်ကောင်း ကစ်တီကွန်းဟာ နေပြည်တော် အထိလာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်၊ သူ့ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့၊ အပစ်ရပ် NCA စာချုပ်လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း သီးခြားစီ တွေ့ဆုံထားပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အာလွန်ကယ်ကစ်တစ်ခွန်နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအိုကင်မ် ဟောင် (Kao Kim Hourn) တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က လာအိုနိုင်ငံမှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။ လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ မြန်မာ့အရေး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ထိထိရောက်ရောက် အကောင်အထည် ပေါ်လာအောင်လုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။