တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

ပုံအညွန်း – ပြည်သူများက ကြိုဆိုနေသည့် PLA တပ်ဖွဲ့ဝင်များကို တွှေ့ရစဉ်

MTO


(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း People’s Liberation Army- PLA မှ ဇန်နဝါရီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်သည်။


ဇန်နဝါရီလ ၂၁ ရက်နေ့က ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆) တင့်ကားတပ်ရင်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို တန့်ဆည်အရှေ့ခြမ်း၌ လူလဲလှယ်ပြီးပြန်လာချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင် PLA မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။


“ကန့်ဘလူကထွက်လာတဲ့ယာဥ်တန်း တန့်ဆည်မှာ လူချိန်းပြီးပြန်ထွက်လာတာကို ကင်းထောက်ပြီး တိုက်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။


အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ထိခိုက်ခဲ့ကာ သေဆုံးသူများလည်းရှိနိုင်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း PLA ပြန်ကြား ရေးတာဝန်ခံက ဆိုသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း PLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ပြီးနောက် အက်တောကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း PLA ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။


“လက်ရှိမှာတော့ အက်တောရွာမှာတပ်စွဲထားတဲ့ စကစအင်အား ခန့်မှန်း ၆၀ လောက်က ချင်မြစ်ကျင်း ဖက်ကိုထွက်သွားပြီး အချို့ကတော့အက်တောမှာပဲ ကျန်ခဲ့တယ်လို့ သိထားတယ်” ဟု ၎င်းကပြောသည်။


ပြီးခဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များက တန့်ဆည် မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ