အာရှဖလားမှာ စွမ်းဆောင်ရည် ‘ဆိုးရွား’ပြီးနောက် တရုတ်ပရိသတ်တွေ နိုင်ငံအသင်းကို ဝေဖန်ပြစ်တင်

အိမ်ရှင် ကာတာအသင်းကို ရှုံးနိမ့်အပြီး အာရှဖလား ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ “ကြီးမားတဲ့ ဆုံးရှုံးမှု” အနေအထားတခုအောက်မှာ ကျရောက်နေတာကြောင့် ဒေါသတကြီးဖြစ်နေတဲ့ တရုတ်ပရိသတ်တွေက သူတို့ရဲ့ ဘောလုံးအသင်းကို အင်္ဂါနေ့မှာ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

တနင်္လာနေ့မှာ ဟက်ဆန် အယ်-ဟေဒေ့ါစ်ရဲ့ စိတ်လှုပ်ရှားဖွယ် volley ကန်ချက် ဂိုးကြောင့် လက်ရှိချန်ပီယံတို့က တရုတ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာပါ။ တရုတ်အသင်းဟာ သုံးပွဲကစားအပြီးမှာ နိုင်ပွဲမရသလို ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ သူတို့ဟာ နောက်တဆင့်အတွက် တခြားအုပ်စုတွေက အသင်းတွေရဲ့ ရလဒ်တွေအပေါ် မူတည်နေပါတယ်။

နည်းပြ အလက်ဇန်ဒါး ဂျန်ကိုဗစ်ဟာ လွဲချော်ခဲ့တဲ့ အခွင့်အရေးများစွာကို စိတ်မကောင်းဖြစ်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့မှုအတွက် ငြီးငွေ့နေတဲ့ ပရိသတ်တွေဆီက စာနေမှုကိုတော့ သိပ်မရရှိပုံပါပဲ။

သမ္မတ ရှီကျင့်ဖျင်က သူအနေနဲ့ သူ့နိုင်ငံကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ တချိန်က ပြောခဲ့ဖူးပါတယ်။

ဒိုဟာရှိ အားကစားကွင်းမှ ပရိသတ်တွေက “မင်းတို့ကိုယ်ကို ရှက်သင့်တယ်”လို့ ကြွေးကြော်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ကစားသမားတွေဆီကို “နှစ်သစ်မှာ ပျော်ရွှင်ပါစေ”လို့ လှောင်ပြောင် ဟစ်အော်ခဲ့ကြပါတယ်။ ဒီပွဲက တရုတ်ရဲ့ အကြီးမားဆုံး အားလပ်ရက်မတိုင်ခင်ဖြစ်ပါတယ်။

“ဒီအဖြစ်ဆိုးကြီးအပြီးမှာ ပြန်လည်တည်ဆောက်ဖို့အတွက်၊ နည်းပြကို ပြောင်းဖို့ရယ်၊ အခြေခံမူတွေကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဖို့နဲ့ ပုပ်ပွနေတာကို ရပ်တန့်ဖို့ရယ် အမြန်လုပ်ဆောင်ရမှာပါပဲ”လို့ အားကစားကျွမ်းကျင်သုံးသပ်သူ ဝမ်ကျင်းရှန်က ဆိုရှယ်မီဒီယာပလပ်ဖောင်း Weibo မှာ ရေးသားခဲ့ပါတယ်။

တခြား သုံးသပ်သူတဦးဖြစ်တဲ့ ဂျီယူယန်က “အာရှဖလားဟာ အာရှမှာ ဘယ်နိုင်ငံတွေက သူတို့ရဲ့ ဘောလုံးအဆင့်အတန်းကို တိုးတက်နေတယ်ဆိုတာ ကျုပ်တို့ကို ရှင်းရှင်းလင်းလင်း သိမြင်လာစေတယ်။ တရုတ်က ရပ်နေရုံတင် မဟုတ်ဘူး၊ အလုံးစုံကို နောက်ပြန်ဆုတ်နေတာဖြစ်တယ်။

“အနိမ့်ဆုံးနေရာမှာ ရှိနေတာလား။ အဲဒီအခြေအနေထိတောင် ရောက်နေသလား မကွဲပြားဘူး။”လို့ သူက Weibo မှာ ရေးသားခဲ့ပါတယ်။

တရုတ်အသင်းဟာ တာဂျစ်ကစ္စတန်၊ လက်ဘနွန်အသင်းတို့နဲ့ ဂိုးမရှိ၊ သရေ နှစ်ပွဲနဲ့အတူ ပြိုင်ပွဲကို စတင်ခဲ့ပြီး နောက်ဆုံး တပွဲမှာလည်း ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

“ဒီလိုအုပ်စုမျိုးမှာတောင် ကျနော်တို့တွေ တဂိုးမှ မသွင်းနိုင်၊ တပွဲမှ မနိုင်ဘဲ သုံးပွဲကစားခဲ့တာက ရှက်စရာပါ”လို့ အားကစားသုံးသပ်သူ ချောင်ယုရဲ့ ပြောဆိုချက်ကို ဒေသတွင်း မီဒီယာမှာ ကိုးကားဖော်ပြခဲ့ပါတယ်။

ကာတာအသင်းကို ရှုံးနိမ့်အပြီးမှာ ပေါ်ပြူလာ hashtag တခုက တွစ်တာလို Weibo မှာ လျှင်လျှင်မြန်မြန်ပဲ trend ဖြစ်ခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုမှု သန်း ၁၈၀ အထိ မြင့်တက်ခဲ့ပါတယ်။

ပရိသတ်တချို့က ရလဒ်ကို ကြိုမြင်ပြီး သူတို့ဟာ မအံ့သြဘဲ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြတာပါ။

တချို့က ပြည်တွင်းပြိုင်ပွဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်တဲ့ အကျင့်ပျက်ခြစားမှုတွေ ပေါ်ထွန်းလာမှုကို လက်ညှိုးထိုး ထောက်ပြကြပါတယ်။

နည်းပြဟောင်း လီတိုင်ဟာ ထိပ်တန်းရာထူးရရှိဖို့အတွက် လုပ်ပွဲနဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ ပါဝင်ပတ်သက်ကြောင်း ဝန်ခံခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုကို နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဒီလမှာ ထုတ်လွှင့်ခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှု နှိမ်နင်းရာမှာ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေ အများအပြား အဖမ်းခံခဲ့ရပါတယ်။

“နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေအပြီးမှာ ကွင်းတွင်းမှာ အရည်အချင်းတွေ မရှိတော့တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး”လို့ ဆိုရှယ်မီဒီယာ အသုံးပြုသူတဦးက ရေးသားခဲ့ပါတယ်။