နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၃ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • တနင်္သာရီတိုင်း ၊လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် မီးဘေးသင့် စစ်ရှောင်ပြည်သူ့နေအိမ် ၉၁ လုံးအတွက် ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေး ခဲ့ကြကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံမှ သိရသည်။ 
  • မန္တလေး – မိုးမိတ် ကားလမ်းပိုင်းကို အသုံးပြုနေကြသည့် ခရီးသွားပြည်သူများအနေနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်အသိပေးထားခြင်းများကို လိုက်နာပေးရန် သပိတ်ကျင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က  ထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း တို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေး ကို ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်က  ပြုလုပ်ခဲ့ကြသည်။ 
  • ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်ကို ကျူးလွန်ခဲ့သည့် သက်ငယ်မုဒိန်းမှု သံသယ တရားခံကို ဖမ်းမိပါက လွှဲပြောင်းပေးရန် NUG က တိုင်းရင်းသား တော်လှန်ရေး အင်အားစုများထံ စာပို့အကြောင်းကြားထားကြောင်း ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မြင်းခြံ-ဆီမီးခုံလမ်းတွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင်များစီးနင်းလာသည့်ကားအား ဒေသကာကွယ်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာသူအားလုံး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 
  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာမှ ပျူစောထီးခေါင်းဆောင်ကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တပ်ရင်း (၇၈၀၅)၊တပ်ခွဲ (၄)က ယနေ့ဇန်နဝါရီလ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း ပြည်ထောင် စုလွတ်မြောက်ရေးတပ်ဦး (ULF)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကိုးကန့် တပ်မတော် MNDAAသိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ဒေသတွင်  လက်နက်ကိုင်ဆောင်သူများ လက်နက်အပ်ရန်နှင့် မအပ်ပါက ဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း  MNDAA က ထုတ်ပြန်သည်။ 
  • ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ချင်းကာကွယ်‌ရေးတပ်ဖွဲ့ (အရှို ) ( CDF – Asho ) က ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
  • ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြိုနှင့် ထိစပ်နေသည့် မဘိမ်းမြို့သိမ်းတိုက်ပွဲတွင်  KIAနှင့် အတူ ညီနောင် ၃ဖွဲ့လည်းပါဝင်ခဲ့ကြောင်း ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ် ‌မြောက်ပိုင်း မိုးမိတ်မြို့နှင့် နယ်‌မြေထိစပ်နေသည့် မဘိမ်းမြို့ကို KIA၊ AA နှင့်ဒေသခံ ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ပြီဟု ‌မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ 
  • ကချင်ပြည်နယ်၊ဖားကန့်မြို့၊ဝှေခါရွာမှ စစ်ကောင်စီစခန်းအား KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်သည့်တိုက်ပွဲ၌ပါဝင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကလေးငါးဦး၏မိခင် ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ)မချောစုအား တပ်သားအဆင့်မှတပ်ကြပ်ကြီးအဆင့်သို့ ရာထူးတိုး ဂုဏ်ပြုကြောင်းKIOသတင်းပြန်ကြားရေးမှ ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ စစ်ကူတက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့် တပ်တော် (AA) က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများ အပြား သေဆုံးပြီး သိမ်းဆည်းရရှိသော လက်နက်များကို AA က ယနေ့ထုတ်ပြန်လာသည်။ 
  • စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက် ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော်လည်း ညီနောင်မဟာမိတ်တပ်များ အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့်မသွားခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်သည်။ 
  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးကာ စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း KNU ဗဟိုထံမှ သိရသည်။ 

စစ်ကောင်စီ 

  • ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စခန်းစွန့်ခွာကာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့များကို ပြန်လည် ခေါ်ဆောင်ရန်လာသည့် မြန်မာ စစ်လေယာဥ် သည် ယနေ့ (ဇန်နဝါရီလ ၂၃ရက်) နံနက် ၁၀နာရီ ၁၉မိနစ်တွင် တွင် ပြေးလမ်းချော်တိမ်းမှောက်ခဲ့ကြောင်းသိရသည်။ 
  • ပြည်တွင်းဆန်ဈေးမြင့်တက်နေပြီး ပြည်ပဆန်ပိုမိုတင်ပို့​နေချိန်တွင် စစ်​ကောင်စီက အမည်ပျက် စာရင်း သွင်းထားသည့် ကုမ္ပဏီ ၃ ခုကို စာရင်းပယ်ဖျက်ပြီး ဆန်ပြန်လည်တင်ပို့ခွင့်ပေး လိုက် ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။ 
  • မြန်မာနှင့် အိန္ဒိယတို့ နှစ်နိုင်ငံအကြား ဗီဇာမလိုဘဲ နယ်စပ်ဝင်ထွက်ခွင့်ပေးထားသည့် သဘောတူညီမှုကို ရပ်တန့်ရန် အိန္ဒိယဘက်က ပြန်လည်သုံးသပ်နေကြောင်း အိန္ဒိယသတင်းများအရ သိရသည်။ 
  • အခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးသုတေသနရန်ပုံငွေအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန နှင့် နှီးနွှယ် ဝန်ကြီးဌာနများက သုတေသနစီမံချက် ၂၀၁ ခုအတွက် ကျပ် ၁ ဘီလီယံကျော်ခွင့်ပြုပေး ထားကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 
  • စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက  ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၂၃ သုံးသပ်ချက် 

  • ရှမ်းမြောက်တွင် စစ်ကောင်စီသည် အပစ်ရပ်သဘောတူညီမှုကို အကြိမ်ကြိမ်ချိုးဖောက်နေသည်ကို တွေ့ရသည့်အတွက် တရုတ်အကူအညီဖြင့် အနားတောင်းထားသည့် စစ်ကောင်စီသည် ၎င်းတို့အင်အားပြန်လည် စုဖွဲ့နိုင်သည့် အချိန်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများကို ထိုးစစ်ထိုးလာနိုင်ဖွယ်ရှိနေသည်။