စစ်ရေး၊ နိုင်ငံရေး ကျဆုံးခန်းတွေနဲ့ စစ်ကောင်စီရဲ့လားရာ

(ဒိုင်းနက်ရှင်)

လာမယ့် ဖေဖော်ဝါရီ ၁ ရက်ဆိုရင် စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီသုံးနှစ်တာကာလ အတွင်း စစ်ကောင်စီအမည်ခံ အာဏာသိမ်းစစ်တပ်က နည်းလမ်းမျိုးစုံသုံးပြီး အာဏာတည်မြဲအတွက်ကြိုးပမ်းနေ ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်အာဏာရှင်စနစ်ကိုမလိုလားတဲ့ ပြည်သူလူထုရဲ့ခုခံတော်လှန်မှုကို ရင်ဆိုင်ခဲ့ရ သလို ပြည်ပမှာဆိုရင်လည်း လက်တဆုပ်စာနိုင်ငံတွေကလွဲပြီး နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးနီးပါးရဲ့ ပြစ် တင်ရှုတ်ချမှုတွေကို ကြုံခဲ့ရတာဖြစ်ပါတယ်။

အာဏာထိန်းပြီးရင်ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကိုအာဏာပြန် လွှဲပေးမယ်ဆိုတဲ့ စစ်ကောင်စီစကားကို မြန်မာပြည်သူတွေမပြောနဲ့ ဒေသတွင်းနိုင်ငံတွေကတောင် အယုံအကြည် မရှိလို့ အာဆီယံက မြန်မာ့အရေး အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူပြီး ဘုံသဘောတူညီချက် ငါးရပ်ချမှတ်ခဲ့ ရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်ကလုပ်တဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးကနေ “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခုရအောင် သက်ဆိုင်သူအားလုံးအပြု သဘောဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံး နဲ့တွေ့ဆုံဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ကို မြန်မာနိုင်ငံစေလွှတ်ဖို့” စတဲ့အချက်တွေကို အာဆီယံ ကချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေကို အဲဒီအချိန်က အာဆီယံအစည်းအဝေး တက်ရောက်ခွင့်ရ ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အာဆီယံဘုံသဘောတူညီချက်ထွက်လာပြီး နောက်ခြောက်လအကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှာ ဘုံသဘောတူညီချက်တွေကိုလိုက်နာဖို့ပျက်ကွက်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးပေးမတက်ဖို့နဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေး နယ်ပယ်ကမဟုတ်တဲ့ ကိုယ်စားပြုသူကိုသာပေးတက်ဖို့ ဆုံးဖြတ်ရတဲ့အထိ အခြေအနေတွေပိုပြီးတင်းမာသွားခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့အစည်းကြားမှာ ဆက်ဆံရေးတင်းမာသွားခဲ့ပြီး တဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့အကူအညီနဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် နွေဦးတော်လှန်ရေးကနေပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးတိုးတက်မှုတွေဟာ အရှိန်အဟုန်နဲ့ အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၂၁ လအတွင်းမှာပဲ ရန်ကုန်၊ မန္တလေးအပါအဝင် ကျန်တိုင်းနဲ့ ပြည်နယ် အားလုံးမှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့ကာ စစ်ကောင်စီအနေနဲ့ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ နှစ်ထပ်ဘန်ကာတွေ ဆောက်ပြီး လုံခြုံရေးယူနေရတဲ့ အခြေအနေအထိဖြစ်သွားခဲ့တာတွေ့ရပါတယ်။ မြန်မာပြည်ရဲ့နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်သမိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာအရ အကျယ်ပြန့်ဆုံးဖြစ်ပွားတဲ့ ပြည်တွင်းစစ်အဖြစ်လည်း ပုံစံပြောင်းသွားခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးအလှည့်အပြောင်းတွေဟာ စစ်ကောင်စီမထင် မှတ်ထားတဲ့အခြေအနေအထိပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ တနိုင်ငံလုံးအနှံ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင် ရေးတိုက်ပွဲတွေပေါ်ပေါက်လာခဲ့ပြီး တော်လှန်ရေး တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ PDF တွေရဲ့ထိန်းချုပ်နယ်မြေတွေ တစထက်တစကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ ၁၉၈ မြို့နယ်ပဲ တည်ငြိမ် ပြီး ၁၃၂ မြို့နယ်က လုံခြုံရေးရယူဖို့လိုအပ်နေတဲ့အကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာလုပ်တဲ့ ကာ/လုံ အစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်ဝန်ခံရတဲ့အထိဖြစ်လာခဲ့တာပါ။ ဒါ့အပြင် စစ်ကိုင်း၊ ချင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ကရင်နဲ့ ကရင်နီ ပြည်နယ်ထဲက မြို့နယ် ၃၇ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကြေ ညာလိုက်ရတာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့တုံ့ပြန်မှုကိုကြည့်မယ်ဆိုရင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ အာဏာသိမ်း စစ်ကောင်စီ ကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ မြန်မာ့အရေးဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာတွေ့ရ ပါတယ်။ အဲဒီဆုံးဖြတ်ချက်အတွက် မူကြမ်းကို ဗြိတိန်နိုင်ငံက အဓိကတင်သွင်းခဲ့တာဖြစ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့တာပါ။ မဲခွဲဆုံးဖြတ်ရာမှာ စစ်ကောင်စီရဲ့မဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်း ကြားမှာ စစ်ကောင်စီအတွက် ကြီးမားတဲ့နိုင်ငံရေးကျဆုံးမှုပဲဖြစ်ပါတယ်။

တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာ့အရေး ဖြေရှင်းပေးဖို့အတွက်ရည်ရွယ်ပြီး Burma Act ဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက် ဥပဒေ(NDAA)ကို ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ထိုးအတည်ပြုလိုက်ပေး တာဖြစ်ပါတယ်။ NDAA ကို အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့က မဲခွဲအတည်ပြုပြီးနောက် သမ္မတဘိုင်ဒန်က လက်မှတ်ရေးထိုးပြီး အတည်ပြုပေးခဲ့တာပါ။ NDAA ဥပဒေဟာ အမေရိကန်ကာကွယ်ရေး အတွက်အရေးကြီးတဲ့ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေတရပ်ဖြစ်ပြီး အဲဒီဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Burma Act ဥပဒေတရပ်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ Burma Act ဥပဒေရဲ့အနှစ်ချုပ်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှု အစရှိတဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အုပ်စုတွေကိုထောက်ခံပြီး စစ်ရေးမဟုတ်တဲ့အကူအညီအားလုံးကိုပေးသွားမယ်လို့ အမေရိကန်က ကတိပြုလိုက်တာပဲဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး နိုင်ငံတကာအမြင် မှာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအနေနဲ့ ရပ်တည်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့နိုင်ငံရေးလှည့်ကွက်တွေလည်း အဆုံးသတ်သလောက်ဖြစ်သွားခဲ့တာတွေ့ရပါတယ်။ မြန်မာ့အရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်ကိုယ် တိုင်ပါဝင်လာပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးဘက်ကနေ တရားဝင်ရပ်တည်ပေးခဲ့တာကြောင့် တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ကလွဲပြီး စစ်ကောင်စီကို ပေါ်ပေါ်တင်တင်အဆက်အဆံလုပ်ရဲသူဆိုလို့မရှိသလောက်ဖြစ်သွား ခဲ့တာပါ။ လက်ရှိအချိန်ထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းကို ကုလသမဂ္ဂဘက်က ဆက်လက်တာဝန်ပေးထားတာကိုကြည့်ရင် စစ်ကောင်စီရဲ့ နိုင်ငံတကာ မျက်နှာ စာက နိုင်ငံရေးကျဆုံးခန်းကို အထင်အရှားတွေ့ရမှာလည်းဖြစ်ပါတယ်။

အခုလို နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးကျဆုံးမှုတွေဆက်တိုက်ကြုံလာတဲ့ စစ်ကောင်စီဟာ ခေါင်းမာမာနဲ့ စစ်အာဏာရှင်တို့ရဲ့လမ်းစဉ်ကို ဆက်လျှောက်နေခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ အကုန် ၂၀၂၃ နှစ်စပိုင်းမှာ ကာ/လုံ အစည်းအဝေးထပ်ခေါ်ပြီး စစ်ကောင်စီကို နောက်ထပ်ခြောက်လသက်တမ်းတိုးကာ တော်လှန်ရေးအင်အားစု တွေကိုနှိမ်နင်းဖို့ ကြိုးစားခဲ့သလို တဖက်မှာ အတုအယောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုအနေနဲ့ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကိုပါ ပြဋ္ဌာန်းလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးအနှံ့တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာပဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့် အခမ်း အနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ ဒီပွဲအတွက် စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလွဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို စည်းရုံးရေး ဆင်းခဲ့ပြီး အစုံအလင်တက်ရောက်မယ်လို့မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ လက်တွေ့မှာ စစ်ကောင်စီတက်စေချင်တဲ့ တော်လှန်ရေး တိုင်းရင်းသားအဖွဲ့တွေမတက်ဘဲ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ထဲကတောင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးကောင်စီ၊ ရခိုင်လွတ်မြောက် ရေးပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်သမဂ္ဂတို့ပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် NCA ရှစ်နှစ်ပြည့်အခမ်းအနား ဟာ ဘာအနှစ်သာရမှမပါဘဲ စစ်ကောင်စီမျှော်လင့်သလိုဖြစ်မလာခဲ့တဲ့ ဟန်ပြပွဲလမ်းသဘင်တခုသာသာပဲဖြစ်ခဲ့ တယ်လို့ဆိုရပါမယ်။

အဲဒီ NCA အခမ်းအနားအပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီရဲ့အရှိတရားကို လုံးဝပေါ်လွင်သွားစေမယ့် အလှည့် အပြောင်းတခုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး ၁၀၂၇ ပဲဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ လွတ်လပ်ရေးရပြီးခေတ်နောက် ပိုင်း မြန်မာစစ်တပ်သမိုင်းတလျှောက် မကြုံစဖူးအဆိုးဆုံးအခြေအနေနဲ့ကြုံခဲ့ရတဲ့ စစ်ဆင်ရေးဖြစ်ခဲ့တာကိုအား လုံးအသိပဲဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဘယ်လောက်အထိပြိုဆင်းသွားခဲ့သလဲဆိုရင် မူဆယ်နဲ့ လားရှိုးကလွဲ ပြီး ရှမ်းမြောက်တစ်ခွင်ကိုလက်လွှတ်ခဲ့ရတဲ့အပြင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလည်း တပ်စခန်းတွေနဲ့ မြို့တွေကို ဆက်တိုက်ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီဘက်ကတော့ ခေါင်းမာမာနဲ့ လက်မလျော့သေးဘဲ သူတို့အတွက်နောက်ဆုံးထွက်ပေါက်အဖြစ်မျှော်လင့်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲဘက်ကိုပြန်လှည့်လာခဲ့ တာတွေ့ရပါတယ်။ ၂၀၂၄ နှစ်သစ်ကူး မိန့်ခွန်းမှာ စစ်ကောင်စီခေါင်းဆောင်ဟာ စစ်ရေး အကြောင်းမပြောတော့ဘဲ စီးပွားရေးအကြောင်းနဲ့ ရွေးကောက်ပွဲအကြောင်းကို ပြန်ပြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပြောဆိုအပြီး ဇန်နဝါရီ ၆ ရက်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ဦးဆောင်မှုနဲ့ မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေထဲက ၃၉ ပါတီနဲ့ စစ်ကောင်စီခေါင်းဆောင်တို့ သုံးနာရီကျော်ကြာတွေ့ဆုံမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်က သူလိုချင်တာတွေကိုပြောသွားခဲ့ပြီး နိုင်ငံရေးပါတီတွေရဲ့တောင်းဆိုမှုတွေကိုတော့ စဉ်းစားပေး မယ်ဆိုတာနဲ့ပဲ အဆုံးသတ်ထားခဲ့တာတွေ့ရပါတယ်။

နိုင်ငံရေးပါတီတွေဘက်က စီးပွားရေးလုပ်ခွင့်နဲ့ အသစ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထဲ က အချက်အလက်တချို့ကိုပြင်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်ကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ စစ်ရေးအခြေအနေအရ နောက်ဆုံးအရေးပေါ်အခြေအနေပေါ်ပေါက်လာရင် နိုင်ငံရေးပါတီတွေ အနေနဲ့ အင်အားတစ်ရပ်အဖြစ်ပါဝင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ထူးခြားတာကတော့ စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ပြီး ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေလုပ်သွား မယ်လို့ဆိုထားပေမယ့် ရက်အတိအကျမပြောနဲ့ သတ်မှတ်နှစ်တောင် မပြောနိုင်သေးတာပဲဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီကြုံနေရတဲ့အခြေအနေနဲ့ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူဖို့မဖြစ်နိုင်သလို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မြို့နယ်အလိုက် ကော်မရှင်ခွဲတွေကိုတောင် ဖွင့်လှစ်ထားနိုင်တာမရှိသေး ပါဘူး။ ဒီအခြေအနေတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် စစ်ရေးမှာသာမက နိုင်ငံရေးမှာပါ ကျဆုံးခန်းတွေဆက် လာတဲ့ စစ်ကောင်စီရဲ့အဆုံးသတ်နေ့ရက်တွေ နီးကပ်လာနေပြီလို့ပဲ အဖြေထွက်နေပါတော့တယ်။