နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၄ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်ဆံရေး ထူထောင်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk ၏ တိုက်တွန်းမှု အတွက် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်သည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ထားသည့် ပျူစောထီး ရွာများမှ လက်နက်ကိုယ်စီနှင့် အလင်းဝင်ရောက်လာသည့် ရန်သူလက်ပါးစေ ပျူစောထီးများကို ဂန့်ဂေါမြို့နယ် ပကဖ မှ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့ရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး ကို မတ် ၃ ရက်က ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း လူနေကျေးရွာတရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးဆံအချို့သည် ရွာအတွင်း ကျန်ရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မြိုင်မြို့နယ်တွင် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုစည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများကိုလည်း စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

PDF များအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေသည့်အဖွဲ့အစည်းများမှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဖြစ်ကာ မတူညီမှုများကို ခွဲလုပ်ကာ တူညီမှုများကို ပူးတွဲလုပ်ဆောင်မည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၄ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လောင်းလုံမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ လူထုစည်းရုံး လှုံ့ဆော်ရေး ဆပ်ကော်မတီမှ ဦးဆောင်ကာ တော်လှန်ရေး ရုပ်ရှင်ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာမြို့နှင့် ဟိန္ဒားပြင်ရွာ အနီးကို ယနေ့ မတ် ၄ ရက် နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

တကောင်းမြို့ဟောင်းအတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က တကောင်းမြို့ အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသွား ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့ပေါ် ရှိ ရဲစခန်းနှင့် ဆေးရုံ နေရာကို မတ်လ ၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးမှုရှိသည်ဟု BNRA စေတန် တပ်ခွဲထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မတ်လ ၄ ရက် ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ပြောကြားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး၊ နယ်စပ်ထွက် ပေါက်ကိစ္စများအပါအဝင် ဆွေးနွေးညှိုနှိုင်းမှုများကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်နေကြောင်း ရက္ခိုင့်တပ်တော် ULA/AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာရှိ သားအမိ နှစ်ဦးအနက် မိန်းကလေးငယ်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး နှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီတပ်သား ၀န်ခံထွက် ဆိုသည့် ရုပ်သံကို AA က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောများ ရေမြုပ်စဉ် ကယ်တင်ထားသော စစ်တပ် မိသားစုဝင်များ၊ စစ်သုံ့ပန်းများနှင့် ကလေးငယ်များကို AA က စောင့်ရှောက်ထားကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်က ဖမ်းမိထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနက်မှ စစ်ရာ၀ဇတ်မှု ကျူးလွန်မှုအတွက် စစ်ခုံရုံးတင်မည့်သူများတွင် ဗိုလ်မှူးချုပ် အဆင့်မှ တပ်သားအဆင့်ထိပါဝင်ကြောင်း ရက္ခိုင့်တပ်တော် AA မှ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ယနေ့ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

PDF များအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေသည့်အဖွဲ့အစည်းများမှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဖြစ်ကာ မတူညီမှုများကို ခွဲလုပ်ကာ တူညီမှုများကို ပူးတွဲလုပ် ဆောင်မည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။

စစ်ကောင်စီ

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူ၈၀၀ကျော်မှ ပျားအုံနှစ်သိန်းကျော် မွေးမြူလုပ်ကိုင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက မကွေးမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့်အတူ လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြထားသည်။

လာမယ့် ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ဆောင်ရွက် သွားမည်ဟု စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေး ဌာနခွဲက ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့နှင့် ကော့ပိထောကျေးရွာမှ ပြည်သူစစ်ခေါင်းဆောင်သုံး ဦးကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)က လက်နက်များနှင့်တကွ ဖမ်းဆီးပြီး နောက် စစ်ကောင်စီက စစ်ရေးပစ်မှတ်နှင့်သက်ဆိုင်ခြင်းမရှိသည့် NMSP(AD) အဖွဲ့ဝင် များ နှင့် ဆွေမျိုးနီး စပ်သူ အမျိုးသမီးသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မတ် ၄ သုံးသပ်ချက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေသည့်အကြောင်း ရက္ခိုင့်တပ်တော်၏ စစ်ဆေးမေးမြန်းမှုများကြောင့် ပေါ်ပေါက်လာသည်။ယင်းကျူးလွန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကို ပြည်သူလူထု ကိုယ်စားပေးလိမ့်မည်ဖြစ်သည်။