ဆီဆိုင်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်

ပုံအညွှန်း- ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ဆီဆိုင်မြို့တွင်းမြင်ကွင်း (CJ)

ပုံအညွှန်း- ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ဆီဆိုင်မြို့တွင်းမြင်ကွင်း (CJ)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံအချို့သည် အခြားမြို့များသို့ ရွှေ့ပြောင်းနေကာ မြို့တွင်းတွင် လူခြေတိတ်နေကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲလည်း မဖြစ်သေးပါဘူး။ ဒေသခံတွေကတော့ တိမ်းရှောင်ထားတာပေါ့။ မြို့ပေါ်မှာ လူတွေတော့ ၇၅ ရာခိုင်နှုန်းလောက်တော့ ရှိသေးတယ်။ ကျန်တဲ့ လူတွေကတော့ ရှောင်ဖို့အတွက် ပြင်ဆင်ထားကြတာပေါ့” ဟု ဆီဆိုင်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဟိုပုံးမြို့အထွက် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PNLO/PNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA မှ သယ်ဆောင်လာသည့် လက်နက် အလက် ၅၀၀ ကျော်နှင့် ခဲယမ်းများ မီးလောင်ပျက်စီးခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဆီဆိုင်မြို့အနီး နောင်ထော်ကျေးရွာသို့ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီမှ စစ်ဘေးရှောင်အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။

“နောင်ထော်ဘုန်းကြီးကျောင်းအရှေ့ဖက် အထကကျောင်းရှိတယ်၊ အဲ့ဒီ အထက ကျောင်းရဲ့ နောက်ကျောက ဒေသခံ အသက်ဆုံးရှုံးသွားရတယ်။ PDF တွေကို ရွာထဲမဝင်လာဖို့ ဒေသခံတွေက တောင်းဆိုထားတယ်။ ဒါပေမယ့် စစ်တပ်က ရွာထဲ သူတို့ရှိတယ်ဆိုပြီး ပစ်တာ” ဟု အထက်ပါဒေသခံက ပြောသည်။

ဆီဆိုင်မြို့အနီးဝန်းကျင်တွင် ကရင်နီဒေသမှ စစ်ဘေးရှောင်အများစု ခိုလှုံနေပြီး အများစုမှာ လွိုင်ကော်မြို့မှ စစ်ဘေးရှောင်များဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) လှုပ်ရှားနယ်မြေအတွင်းတွင် စစ်ကောင်စီမှလက်လွတ်စပယ် လေကြောင်းတိုက်ခိုက်မှုများ မလုပ်ဆောင်သင့်ကြောင်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောဆိုထားသည်။

ထို့နောက် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့သည် နောင်ထော်ကျေးရွာသို့ ရောက်ရှိလာကြပြီး ထိုမှတဆင့် ဆီဆိုင်မြို့ဘက်သို့ ဝင်လာကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက်န့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ဆီဆိုင်မြို့အနီးဝန်းကျင်တွင်လည်း လေယာဉ်သံများ ကြားနေရကာ ပစ်ခတ်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့လည်း ခုကြောက်စိတ်နဲ့ နေနေရတယ်။ ခုဆီဆိုင်မြို့မှာလည်း လေယာဉ်ဝဲနေတယ်။ ဝဲနေတုန်းပဲ မပစ်ဘူး” ဟု အခြားဒေသခံတဦးက ပြောသည်။

ဆီဆိုင်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်ရှိတွင် စစ်ရေးအခြေအနေ မငြိမ်မသက်မှုများကြောင့် ဆီဆိုင်မြို့ရှိ စာသင်ကျောင်း၊ ဈေးနှင့် ဘဏ်များ ပိတ်ထားပြီး မြို့တွင်းတွင် လူအသွားအလာမရှိကြတော့ကြောင်း ဒေသခံများက ပြောသည်။ ဆီဆိုင်မြို့နှင့် ၁၄မိုင်ခန့်သာ ကွာဝေးသည့် နောင်ထော်ကျေးရွာအနီးတဝိုက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့်အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF )နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ဆီဆိုင်မြို့တွင် PNLA နှင့်အတူ စစ်ရေးလှုပ်ရှားမှု ရှိမရှိ KNDF ကို မေးမြန်းရာတွင် အခြားကိစ္စရပ်များတွင် PNLA နှင့် ဆက်ဆံရေးရှိသော်လည်း စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှု မရှိသေးကြောင်း ဆိုသည်။

“လွိုင်ကော်မြို့နဲ့ ဆီဆိုင်မြို့က ဆက်စပ်နေတော့ ကူးလူးဆက်ဆံတာမျိုးတွေတော့ ရှိနိုင်ပါတယ်။ (PNLA နှင့်) ပူးပေါင်းလှုပ်ရှားနေတာတော့ မရှိသေးပါဘူး။ လောလောဆယ်မှာတော့ ဆီဆိုင်ဘက်အထိ စစ်ဆင်ရေးတွေလုပ်ဖို့ မရှိသေးပါဘူး” ဟု KNDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဆီဆိုင်မြို့နယ်၊ ဒုံလွယ်ကဗြီး၊ကောင်လွယ်ကဗြီး၊ ဒုံနောင်သင်၊ ဒုံကောင်ဝေတန်၊ နောင်ပတ် စသည့် နေရာများတွင် ကရင်နီကာကွယ်ရေးတပ်များနှင့် PNLA တပ်တို့ အခြေပြုနေထိုင်ကြပြီး ဆီဆိုင်မြို့ကို ဝင်တိုက်ရန် စီစဉ်နေကြောင်း ဖြန့်ဝေနေကြသည်။

မဇ္ဈိမမှ ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်နေဆဲဖြစ်သော်လည်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကရင်နီဒေသမှ စစ်ဘေးရှောင်များကို ကူညီပေးလျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)